ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ် AA က နိုဝင်ဘာ ၁၃ ရက်က စတင်ကာ စစ်ကောင်စီတပ်စခန်းအချို့ကို စီးနင်းတိုက်ခိုက်ခြင်းဖြင့် ထိုးစစ်စတင်ခဲ့သည်။ တိုက်ပွဲများ တစ်ပတ်ကြာလာသည်အထိ ပြည်နယ်အတွင်းရှိ မြို့များကို ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးသော်လည်း ဘူးသီးတောင်၊ မောင်တော၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ စီးပွားရေးအရ အချက်အချာကျသည့် ကျောက်ဖြူမြို့နယ်ကို ထိန်းချုပ်ရန် ရှိမရှိနှင့် ပြည်နယ်အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်များကို မည်သို့မည်ပုံ ကိုယ်တွယ်ရန် မူဝါဒများနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ကျွန်တော်တို့ဒေသနဲ့ ကျွန်တော်တို့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ရရှိအောင် အကောင်းဆုံးကြိုးစားနေကြောင်း” AA ပြောခွင့်ရ ဦးခိုင်သုခက ပြန်လည်ဖြေကြားသည်။ လက်ရှိတွင် အရပ်သားသေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၅၀ ၊ ဖမ်းဆီးခံရသူ ၇၂ ဦးနှင့် စစ်ဘေးဒုက္ခသည် ၄၆၀၀၀ ကျော် ရှိလာသည်ဟု AA ပြောခွင့်ရသူက နိုဝင်ဘာ ၂၁ တွင် ပြောသည်။ ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်နေသည့် တိုက်ပွဲအခြေအနေများ၊ စစ်တပ်၏ တုံ့ပြန်မှုများနှင့် ၁၀၂၇ စစ်ဆင်ရေး အလားအလာများနှင့် ပတ်သက်ပြီး AA ပြောခွင့်ရ ဦးခိုင်သုခ ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေးမြန်း – စထွန်းအောင်