၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုခဲ့ပြီးနောက် ပထမဆုံးအထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပဖြစ်ကြောင်း စစ်အစိုးရက ကြေညာခဲ့ပြီးနောက် အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အတွင်း ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး သဘောထားကွဲလွဲခဲ့ကြသည်။
၂၀၁၀ ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်တစ်ဦးဦးသည် အကျဉ်းကျနေသူ မဖြစ်ရဟု ထိုအချိန်က သတ်မှတ်ထားရာ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုပါက ပါတီသစ်အဖြစ် မှတ်ပုံတင်ရမည်ဖြစ်သည်။ အကြောင်းမှာ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရချိန်ဖြစ်သည်။
NLD ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှထုတ်ပယ်ရမည့် သဘောသက်ရောက်ခဲ့သည်။
ကွယ်လွန်ပြီးဖြစ်သော ဟံသာဝတီဦးဝင်းတင် ဦးဆောင်သည့် NLD ပါတီဝင်အများစုက ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ချပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးသိန်းညွန့်တို့က NLD ပါတီမှ ခွဲထွက်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် ရွေးကောက်ပွဲဝင်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို တည်ထောင်ခဲ့ကြသည်။
ယနေ့အချိန်တွင် NDF ပါတီနှင့် ထိုပါတီမှ ထပ်မံခွဲထွက်ခဲ့ကြသူများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်များသဖွယ်ဖြစ်နေပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထို NLD ခွဲထွက်ဟောင်းများ ဝင်ရောက်အရွေးချယ်ခံကြဦးမည်ဖြစ်သည်။
ခွေးတိုးပေါက်က ဝင်ခဲ့တယ်
၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကြာ ရွေးကောက်ပွဲမရှိခဲ့သည့်အတွက် ရရှိလာသည့် အခွင့်အရေးကို ဆုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး “စစ်အစိုးရက ပေးတဲ့ အမဲလုံးကို ခွေးတွေလိုပဲ ခွေးတိုးပေါက်က ဝင်ပြီးဟပ်တယ်” ဟု အဝေဖန်ခံခဲ့ရသူ ဦးခင်မောင်ဆွေက ပြောသည်။
“ခွေးတိုးပေါက်က ဝင်တယ်ပဲ ပြောပြော၊ ခွေးလိုပဲ ဟပ်တယ်ပြောပြော ဟပ်မိခဲ့လို့ပဲ ပြည်သူ့ရေးရာ ကိစ္စတွေမှာဆိုရင် လွှတ်တော်ပေါ်ပေါက်လာခဲ့ပြီးတော့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ လွှတ်တော်ပေါ်လာလို့ စစ်အစိုးရ သူ့ဘာသာ နောက်ဆုတ်သွားတယ်” ဟု ၂၀၁၈ ခုနှစ်အတွင်း Myanmar Now ကတွေ့ဆုံမေးမြန်းခဲ့စဉ် ဦးခင်မောင်ဆွေက ပြောကြားခဲ့ဖူးသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးခဲ့သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ရွေးကောက်ပွဲဝင်ခဲ့ခြင်းမှာ ၎င်းတို့ လျှောက်ခဲ့သည့် လမ်းကြောင်းကို လိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် NLD ပါတီမှနုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်ခဲ့ခြင်းမှာ မှန်ကန်သည်ကို သက်သေပြခြင်းပင်ဖြစ်သည်ဟု ဦးခင်မောင်ဆွေက ထောက်ပြသည်။
“မှားလား၊ မှန်လားလို့တော့ မမေးနဲ့လေ။ ကိုယ်တို့ မှန်နေလို့ သူတို့ လိုက်လာတာပေါ့။ မမှန်ဘူးဆိုရင် သူတို့ လိုက်လာစရာ အကြောင်းမရှိဘူးလေ။ နိုင်ငံရေးမှာ ကိုယ်တို့က သူတို့ထက် ပိုမြင်တယ်ဆိုတာကို သူတို့လက်ခံရမယ်” ဟု ၎င်းက ပြောသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များကြား အပြန်အလှန်စာရေးသား သဘောတူညီချက်များကြောင့်ဖြစ်သည်ဟု NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ၂၀၁၆ ခုနှစ်အတွင်းက Myanmar Now ကို ပြောကြားခဲ့သည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် NDF ပါတီက ၁၆၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ နေရာသာ အနိုင်ရရှိခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ၁၁၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ၈၈၃ နေရာ အနိုင်ရရှိကာ ပထမဆုံးထွက်ပေါ်လာသည့် လွှတ်တော်ကို လွှမ်းမိုးနိုင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ပြိုင်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ NDF ပါတီက ၂၇၄ နေရာအထိ ဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။
သို့သော်လည်း NLD ခွဲထွက် နိုင်ငံရေးသမားများမှ လက်မလျှော့သေးဘဲ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်အရွေးချယ်ခံဦးမည်ဖြစ်သည်။ စုစုပေါင်းမဲဆန္ဒနယ် ၁၀၆ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ထုတ်ပြန်လေ့ရှိသည့် ပူးတွဲကြေညာချက်များတွင် NDF ပါတီက မဟာမိတ်အဖြစ် ပါဝင်လေ့ရှိပြီး မကြာသေးမီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေး ပါတီ ၃၄ ခု တွေ့ခဲ့ရာတွင်လည်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေတက်ရောက်ခဲ့သည်။
အမျိုးသားရေးအသွင်ပြောင်းသွားသူ
NDF ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်ခင်ဝိုင်းကြည်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏ ဝေဖန်ပြစ်တင်မှုခံခဲ့ရသည့် မျိုးစောင့်ဥပဒေကို အမျိုးသားလွှတ်တော်တွင် တင်သွင်းပြီးနောက် ဒေါ်ခင်ဝိုင်းကြည်မှာ အမျိုး၊ ဘာသာ၊ သာသနာဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများလာခဲ့သည်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက အာဏာရပါတီ NLD ကို ဆန္ဒပြတောင်းဆိုသည့် ဆန္ဒပြပွဲများတွင် ဒေါ်ခင်ဝိုင်းကြည် ပါဝင်လေ့ရှိပြီး၊ ပြည်ခိုင်ဖြိုးပါတီနှင့် ပူးပေါင်း၍လည်း အမျိုးသားရေးလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည်။
ဒေါ်ခင်ဝိုင်းကြည်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် NDF ပါတီကိုယ်စားပြုကာ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဒေါက်တာ မောင်သင်းကို ရှုံးနိမ့်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင်တော့ ဒေါ်ခင်ဝိုင်းကြည်က NDF ပါတီနှင့် အပြီးတိုင် လမ်းခွဲခဲ့သည်။ ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးအပေါ်တွင်သာ ရပ်တည်ပြီး ပိုမိုလွတ်လပ်စွာ ဆောင်ရွက်လို၍ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်ခင်ဝိုင်းကြည်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီနှင့်ဒေါ်ခင်ဝိုင်းကြည် လက်တွဲရခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်တွင်း ပူးတွဲဆောင်ရွက်ခြင်းများမှတဆင့် ပြည်ခိုင်ဖြိုးနှင့် ရေရှည်လက်တွဲခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသည့် သဘောထားများကို သိရှိပြီး ထိုပါတီကို ကြိုက်နှစ်သက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
“လွှတ်တော်ထဲမှာ အတူလုပ်ခဲ့တဲ့အခါမှာ နိုင်ငံတော်အပေါ်မှာ သစ္စာရှိတာ၊ ပြည်သူလူထုအပေါ်မှာ တကယ်လိုအပ်တာကို လုပ်ပေးတာ။ အချင်းချင်း Check and Balance (အပြန်အလှန် ထိန်းကျောင်းခြင်း) လုပ်တာ။ ဒါတွေက ကျွန်မကိုယ်တွေ့လေ” ဟု ၎င်းက ပြောသည်။
ဦးသိန်းညွန့်နှင့် ဦးခိုင်မောင်ရည်
နာမည်ကျော် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး NLD ပါတီ၏ ၁၉၉၀ အမတ်ဟောင်း ဦးသိန်းညွန့်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဦးဆောင်တည်ထောင်သူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
NLD ပါတီက သပိတ်မှောက်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးသိန်းညွန့်က NDF ပါတီကိုယ်စားပြုကာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သော်လည်း NDF ပါတီခေါင်းဆောင်များအကြား သဘောထားကွဲလွဲခဲ့ပြီးနောက် ဦးသိန်းညွန့်က သူ့ကိုယ်ပိုင် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီကို ၂၀၁၁ အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင်မူ ၎င်း၏ မဲဆန္ဒနယ်ဟောင်းဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဦးသိန်းညွန့်က သင်္ဃန်းကျွန်းမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထိုမဲဆန္ဒနယ်တွင် ဦးသိန်းညွန့်၏ မဟာမိတ် ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပေ။ ဦးသိန်းညွန့်၏ NNDP ပါတီမှာ မဲဆန္ဒနယ်သုံးခုတွင်သာ ဝင်ပြိုင်မည်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာခဲ့သည့် ပထမအကြိမ်လွှတ်တော်တွင် ထင်ရှားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးခိုင်မောင်ရည်မှာမူ ၂၀၂၀ ရွေးကောက်ပွဲတွင် မည်သည့်ပါတီမှ ကိုယ်စားပြုခြင်းမရှိဘဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မည်ဖြစ်သည်။
ဦးခိုင်မောင်ရည်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီ ကိုယ်စားပြုကာ အလုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့်ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ဝင်ဖြစ်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခိုင်မောင်ရည်မှာ NDF ပါတီ ကိုယ်စားပြုပြီး အလုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီကိုယ်စားလှယ် ဦးရဲလွင်ကို ရှုံးနိမ့်ခဲ့သည်။
ဦးခိုင်မောင်ရည်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဖွဲ့စည်းတည်ထောင်ရာတွင် ပါဝင်ကူညီခဲ့သည်။
သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်က ဒီမိုကရေစီဘက်တော်သားများကို ကူညီပေးခဲ့သည့်အတွက် ပါတီတည်ထောင်သည့်အချိန်တွင် ပြန်လည်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း၊ သူရဦးရွှေမန်းက UBP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ထည့်သွင်းတာဝန်ပေးသော်လည်း ငြင်းပယ်ခဲ့ကြောင်း ဦးခိုင်မောင်ရည်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဦးခိုင်မောင်ရည်မှာ ၎င်း၏ မူလမဲဆန္ဒနယ်ဟောင်းဖြစ်သည့် အလုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
“လူထု အကြိုက်ဆုံးဖြစ်စေတဲ့ ပါတီကို တစ်စုံတစ်ရာ လွှတ်တော်ထဲမှာ ဝန်းရံပေးနိုင်လိမ့်မယ်လို့လဲ စိတ်ထဲမှာ မျှော်လင့်ထားပါတယ်” ဟု ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဦးခိုင်မောင်ရည်က စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။