
အင်းစိန်မြို့နယ် ဖျားနာဆေးခန်း ( Fever Clinic) သို့ လာရောက်ပြသသည့် သံသယလူနာများအနက် မစိုးရိမ်ရသူများကို ဆေးရုံနေရာ အခက်အခဲများကြောင့် ဆေးရုံမတင်နိုင်ဘဲ နေအိမ်တွင်သာ အသွားအလာ ကန့်သတ်နေထိုင်ရန် စီစဉ်ပေးနေသည်ဟု ဆေးခန်းတာဝန်ရှိသူများက ပြောသည်။
အတည်ပြုလူနာများနှင့် ထိတွေ့သူများ (Primary Contacts) ကို သံသယလူနာအဖြစ် ကွာရန်တင်းထားကာ စောင့်ကြည့်ရသဖြင့် ကွာရန်တင်းအဆောက်အအုံများနှင့် ကိုဗစ်နိုင်တင်းလူနာ ကုသပေးသည့် ဆေးရုံများတွင် နေရာပြည့်သည်အထိ ဖြစ်ပေါ်နေသည်။
ထိုကဲ့သို့သော အခက်အခဲများကြောင့် သံသယလူနာများ၏ အခြေအနေပေါ် မူတည်၍သာ ဆေးရုံတင်ပြီး မစိုးရိမ်ရပါက ၎င်းတို့နေအိမ်တွင်ပင် ပြန်လည်နေထိုင်စေသည်ဟု အင်းစိန်ဖျားနာဆေးခန်း တာဝန်ရှိသူ အင်းစိန်ဆေးရုံကြီး ဆေးပညာဌာနမှ ပါမောက္ခဒေါက်တာမာမာကြည်က ဆိုသည်။
“သံသယလူနာ ဆိုတာလောက်နဲ့ swab (နှာခေါင်းနှင့် အာခေါင်တို့ဖတ်) ယူတာတို့၊ ဆေးရုံပို့တာတို့ တန်းမလုပ်ပေးနိုင်တော့ဘူး။ လူနာရဲ့ အသက်အရွယ်ကိုကြည့်ပြီး လူငယ်ဆိုရင် အိမ်ပြန်ပြီး နေခိုင်းတယ်။ မသက်သာမှ ပြန်လာခိုင်းတယ်။ လူကြီးဆိုရင်တော့ ဆီးချို၊ သွေးတို့စတဲ့ ရောဂါအခံကြည့်ပြီး swab ယူတာတို့ ဆေးရုံပို့တာတို့ လုပ်တယ်” ဟု ပါမောက္ခ ဒေါက်တာမာမာကြည်က ပြောသည်။
ယနေ့ (စက်တင်ဘာ ၂၅) နေ့လယ်အထိ အင်းစိန်ဖျားနာဆေးခန်းသို့ လာရောက်ပြသသူ ၈၅ ဦးထိရှိပြီး သံသယလူနာ ၆ ဦးကို ဆေးရုံတင်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်း အတည်ပြုလူနာပေါင်း ၅,၅၁၄ ဦး ရှိနေပြီး PUI (စောင့်ကြည့်လူနာ) အဖြစ် သတ်မှတ်၍ ကွာရန်တင်းစင်တာများတွင် စောင့်ကြည့်စစ်ဆေးနေသူ ၇,၄၂၉ ဦးရှိနေသည်။
ဝန်ကြီးဌာန၏ ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၈,၅၁၅ ဦးနှင့် သေဆုံးသူ ၁၅၅ ဦးရှိပြီဖြစ်သည်။