ရွေးကောက်ပွဲ

NLD ကချင်ပြည်နယ် ဝန်ကြီးဟောင်း နှင်းဆီပါတီမှ ဝင်ပြိုင်မည်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးH လအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဦးH လအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် သုံးနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။

၎င်းသည် လာမည့်ရွေးကောက်ပွဲတွင် နှင်းဆီပါတီခေါ် UDP ပါတီကိုယ်စားပြုလျက် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁ ဖြစ်သည့် မြစ်ကြီးနားမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

နှင်းဆီပါတီက လွန်ခဲ့သည့်တစ်လကျော်တွင် လာရောက်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ရပ်ကျေးအဆင့်ထိ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်မည့်ပါတီဖြစ်ခြင်း၊ ၅ နှစ်အတွင်း စင်ကာပူကို ကျော်အောင်လုပ်ဆောင်မည့် အချက်အပါအဝင် ရည်မှန်းချက် ၁၂ ရပ်နှင့် ပါတီမူဝါဒကို သဘောကျသည့်အတွက် ကမ်းလှမ်းချက်ကို လက်ခံခဲ့သည်ဟု ဦး H လအောင်က ပြောသည်။

“ပြည်သူကိုအကျိုးပြုမယ့် ပါတီတစ်ခုက ကျွန်တော်တို့ ကချင်ပြည်နယ်လောက်ပဲပြိုင်မယ်ဆိုရင်တော့ အားမပေးချင်ဘူး။ ဒီလောက်ကောင်းတာ ဗမာတစ်ပြည်လုံးပြိုင်တယ်ဆိုတော့ ကျွန်တော်လည်းသဘောကျတယ်။ ဒါကြောင့် ကောင်းပါတယ်ဆိုပြီး လက်ခံလိုက်တဲ့သဘောပါ” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုယ်စားလှယ်လောင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗီနိုင်းစိုက်ထူခြင်းအတွက် ကုန်ကျမှုကိုသာ သူ့အနေဖြင့် ကျခံရသည်ဟုလည်း ဦး H လအောင်က ပြောသည်။

“ပါတီကတော့ အောင်နိုင်ရေးအတွက် သွားလာတဲ့အခါမှာ လိုအပ်တဲ့ ဗီနိုင်းတွေ၊ ဆိုင်ကယ်သမားတွေ၊ ရှေ့ မှာအလံကိုင်တွေက အစပေါ့လေ။ ကားမှာကပ်တဲ့ စတစ်ကာတွေအတွက်တော့ သူတို့ကျခံတာပေါ့ဗျာ။ ဓာတ်ဆီဖိုးတွေအားလုံးပေါ့။ စားသောက်ရေးကအစပေါ့” ဟု ၎င်းက ရှင်းပြသည်။ 

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဖြစ်ခဲ့သူ ဦးH လအောင်သည် တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်မှု မရှိဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်သမ္မတက ၂၀၁၉ ဇန်နဝါရီလတွင် တာဝန်မှရပ်စဲခဲ့သည်။ 

သို့သော် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့များက ဦးH လအောင်သည် ပြည်နယ်တွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး တက်ကြွစွာလှုပ်ရှားခဲ့သလို တာဝန်ကိုလည်း ကျွမ်းကျင်စွာစီမံခန့်ခွဲနိုင်သူဖြစ်သည်ဟု ဆိုသည်။

ဦးH လအောင်သည် ပွင့်လင်းမြင်သာစွာလုပ်ဆောင်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သူတစ်ဦးဖြစ်ကာ ကချင်ပြည်နယ်တွင် တရုတ်စီးပွားရေးသမားများက မြေယာများငှားရမ်းကာ အကြီးအကျယ်စိုက်ပျိုးနေသည့် တစ်ရှူးငှက်ပျောစိုက်ခင်းများကြောင့် ဒေသခံများ မကျေမနပ်မှုဖြစ်ပေါ်နေသည့် အရေးတွင် တက်တက်ကြွကြွ လုပ်ဆောင်သူတစ်ဦးဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ ဦးဘရန်အောင်က မှတ်ချက်ပြုသည်။ 

ဦး H လအောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်မှ ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးနောက် သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၁ တွင် NLD မှ ဦးအင်ထုံးခါးနော်ဆမ်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒေါ်ဒွဲဘူ အပါအဝင် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများအနက် NLD နှင့် UDP ပါတီက အများဆုံးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ကချင်ပြည်နယ်အခြေစိုက် ကချင်ပြည်နယ်ပြည်သူ့ပါတီတို့က ဒုတိယအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

UDP ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁၁၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး NLD ပြီးနောက် ဒုတိယအများဆုံးဝင်ပြိုင်မည့်ပါတီဖြစ်သည်။ 

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ထောင်ပြေးတစ်ဦးဖြစ်ပြီး အငြင်းပွားဖွယ် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း မကြာသေးမီက ‘မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဋ္ဌ‘ အမည်ဖြင့် Myanmar Now က သတင်းဆောင်းပါးရေးသား ဖော်ပြခဲ့ပြီးဖြစ်သည်။ 

Show More

Related Articles

Back to top button