သတင်း

ရန်ကုန်တွင် သံသယလူနာအရေအတွက်မှာ ဆေးရုံများက လက်ခံနိုင်သည်ထက် ကျော်လွန်နေ

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်မှုမြင့်မားနေသည့် ရန်ကုန်တွင် ကိုဗစ်နိုင်တင်းရောဂါလက္ခဏာပြ သံသယရှိလူနာအရေအတွက်မှာ ဆေးရုံများက လက်ခံကုသနိုင်သော ပမာဏထက် ကျော်လွန်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ 

မြို့နယ်တိုင်းတွင် အနံ့ပျောက်သည့် လူနာအရေအတွက် များပြားနေသည်ဟု လှိုင်မြို့နယ် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။ 

“အင်းစိန် အနောက်ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာဆေးရုံ၊ နောက် လှည်းကူးဆေးရုံ၊ ပုလဲဆေးရုံ၊ ရန်ကုန်ဆေးရုံကြီး အဲ့ဒီလို ဆေးရုံတွေနဲ့ လိုက်ချိတ်ပါတယ်။ ဒါပေမယ့် ဆေးရုံတွေက အနံ့ပျောက်ရုံလောက်နဲ့ မလာနဲ့။ သူ့ထက် အရေးကြီးတဲ့သူတွေရှိတယ်။ ခုတင်လည်းမရှိဘူးဆိုတော့ အခုတော့ တကယ့်အရေးပေါ်အခြေအနေမှပဲ ကျွန်တော်တို့ ပို့နေရတယ်”ဟု ၎င်းကပြောသည်။

ထိုသူများကို ဆေးရုံတွင် ထားရှိရမည့်သူ PUI (သံသယ) လူနာအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော်လည်း ဆေးရုံများသို့ ပို့ဆောင်နိုင်ခြင်းမရှိသေးသူအရေအတွက်မှာ မြို့နယ်အလိုက် အများအပြားရှိနေသည်ဟုလည်း ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

“ဆေးရုံမှာ စောင့်ရှောက်ရမယ့် လူနာ။ ဒီ ကုသရေးအောက်မှာ ရှိရမယ့် လူနာတွေဖြစ်တယ်။ ဒီ စေတနာ့ဝန်ထမ်း ဆရာဝန်တွေနဲ့ မရဘူးဆိုပြီးတော့ (ကျန်းမာရေးက) ခွင့်မပြုဘူး။ မြို့နယ်တိုင်းမှာ အဲ့လို အနံ့ပျောက်တဲ့ သူတွေရှိတယ် အများကြီးပဲ” ဟု ၎င်းက ပြောသည်။

လှိုင်မြို့နယ် Fever Clinic ဆေးခန်းတွင် လာပြသော လူနာများထဲမှ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာ ပျောက်ခြင်းစသည်များ တွေ့ရှိ၍ ဆေးရုံများသို့ပို့ဆောင်ရမည့် လူနာ ၅၂ ဦးရှိပြီး မြို့နယ်ကိုဗစ်ကော်မတီအဖွဲ့ထံ ကိုယ်တိုင်လာရောက် အကြောင်းကြားထားသူ ၃၀ ရှိနေကြောင်းလည်း ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။ 

ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ဌာနသို့ လာရောက်ပြသသည့် ကိုဗစ်ရောဂါလက္ခဏာရှိသူ ပြင်ပလူနာများအနက် ပိုးတွေ့ရှိသူ ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်မှာ တစ်ရက်လျှင် ၅၀ မှ ၆၀ ကြားရှိနေကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ဆရာဝန်ဖြစ်သူ ဒေါက်တာမျိုးဟိန်းက ပြောသည်။

“Positive ကို ပို့ဖို့ကိစ္စမှာ အခုဟာက ပို့လို့မရဘူး။ အတည်ပြုလူနာ လက်ခံတဲ့နေရာတွေလည်း သူတို့ဟာသူတို့ ပြည့်နေတယ်။ အသစ်တွေကလည်း မပြီးသေးဘူး။ ပို့လို့မရတော့ လူနာအသစ်တွေက ထပ်ဝင်လာတယ်။ အဟောင်းက မထွက်သေးဘူး။ အဲဒီနေရာတွေမှာ ပြဿနာရှိတာပေါ့” ဟု ၎င်းက ပြောသည်။ 

ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းကျရောက်မှုတွင် ရန်ကုန်တိုင်းအတွင်း ကူးစက်မှုအများဆုံးဖြစ်ပွားနေပြီး ဓာတ်ခွဲဌာနများ၏ လက်ရှိအမြင့်ဆုံးစစ်ဆေးနိုင်မှု ပမာဏကို ကျော်လွန်နေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းကူးစက်ဖြစ်ပွားမှု လျင်မြန်စွာ များပြားလျက်ရှိပြီး ခုတင် ၁,၅၀၀ ပါဝင်မည့် ယာယီဆေးရုံတစ်ခု တိုးချဲ့ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်” ဟု ယမန်နေ့ (စက်တင်ဘာ ၂၄) က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

နေ့စဉ်အတည်ပြုလူနာအရေအတွက် များပြားနေသည့်အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ အောင်မြင့်မိုရ်အိမ်ရာတွင် ခုတင် ၁,၅၀၀ ဆန့် ယာယီဆေးရုံတည်ဆောက်‌နေကြောင်းလည်း သိရသည်။ 

လူနာ ၄၀၀ ထားရှိနိုင်သည့် သုဝဏ္ဏယာယီဆေးရုံတွင် ခုတင် ၂၀ ပါဝင်သည့် အထူးကြပ်မတ်ကုဆောင် (ICU) နှင့် ခုတင် ၈၀ ပါဝင်သည့် High Dependency Unit တိုးချဲ့ဆောင်ရွက်သွားမည်ဟု သိရသည်။ 

“ကျွန်တော်တို့ ကြိုးစားပြီး စီစဉ်နေတယ်။  လောလောဆယ်တော့ နေရာရှိပါသေးတယ်။ အခုလောလောဆယ် ပြန်သွားရတယ်ဆိုတာတော့ မရှိသေးပါဘူး။ မနက်ဖြန် အောင်မြင့်မိုရ်တို့ ဘာတို့ကို အသစ်ဖွင့်ဖို့ လုပ်နေတယ်။ အဲဒီနေရာတွေမှာ လူနာ ၁၂၀၀/ ၁၅၀၀ ထားဖို့ လုပ်နေတယ်” ဟု ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ယမန်နေ့ညပိုင်းတွင် Myanmar Now ကိုပြောသည်။ 

လက်ရှိတွင် ရိုးမအိမ်ရာနှင့် တောင်ဒဂုံရှိ အောင်မြင့်မိုရ်အိမ်ရာတွင် အသွားအလာကန့်သတ်ထားရှိသူများ ပိုမိုလက်ခံနိုင်ရန် နေရာတိုးချဲ့လျက်ရှိပြီး ကျိုက္ကဆံအားကစားကွင်းနေရာကိုလည်း လေ့လာလျက်ရှိသည်ဟု ၎င်းက ပြောသည်။ 

“လောလောဆယ် အောင်မြင့်မိုရ်နေရာကို ချဲ့နေတာပေါ့။ အဲဒီမှာ လူနာ ၁၅၀၀ လောက် ရသေးတယ်ဆိုရင်တော့ အခု တက်နေတဲ့နှုန်းနဲ့ဆို နှစ်ရက်လောက်တော့ ရသေးတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာဇော်ဝေစိုးက ပြောသည်။ 

လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးအပါအဝင် ဆေးရုံများတွင် PUI (Person Under Investigation – စောင့်ကြည့်လူနာ) များ လက်ခံနိုင်အောင် နေရာများ တိုးချဲ့လျက်ရှိသည်ဟုလည်း သိရသည်။ 

ကိုဗစ်နိုင်တင်းအတည်ပြုလူနာများ လက်ခံသည့် ဆေးရုံများတွင် လူနာများပြည့်နှက်နေ၍ ပြီးခဲ့သည့်ရက်ပိုင်း အတည်ပြုလူနာအချို့ကို ဆေးရုံပို့ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကျော်စွာဦးက ပြောသည်။

မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးမှာ အနံ့မရတော့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ်ဆေးရုံ သို့သွားရောက်ပြသရာတွင် လူပြည့်နေသည့်အတွက် အင်းစိန်ဆေးရုံကို ထပ်ဆင့်သွားရောက်ခဲ့ရသည်ဟု မိသားစုဝင်တစ်ဦးဖြစ်သူ ကိုထိန်ဝင်းက ယနေ့တွင် ပြောသည်။ 

အသက် ၇၄ နှစ်အရွယ် အဆိုပါလူနာကို စက်တင်ဘာ ၂၁ က အင်းစိန်ဆေးရုံတွင် နမူနာယူစစ်ဆေးခဲ့ပြီး နှစ်ရက်အကြာတွင် ပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် မိသားစုနှင့်အတူ ကွာရန်တင်းဝင်ရန် ဆေးရုံတာဝန်ရှိသူနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သော်လည်း ကွာရန်တင်းဝင်ရန် နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းမရှိဟု ကိုထိန်းဝင်းကပြောသည်။

“စင်တာတွေမှာတော့ အမှန်တကယ်ကို ပြည့်ကို ပြည့်နေတာ။ ကိုယ်တိုင်သွားပြီးပြီ အကုန်ပြည့်နေတာ။ ထဲထဲဝင်ဝင် အထဲထဲကို ဝင်ကြည့်တဲ့အခါကျတော့ ပြည့်ကို ပြည့်နေတာ။ သင်္ဃန်းကျွန်းမှာလည်းပြည့် အင်းစိန်ဆေးရုံမှာလည်းပြည့်နေတော့ အကိုတို့က လူနာမှတ်တမ်းတွေဘာတွေ ဖြည့်ပြီးတော့ အိမ်ပြန်ခေါ်လာရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါသံသယလူနာသည် မရမ်းကုန်းမြို့နယ် အထက (၁) ကွာရန်တင်းစင်တာတွင် နေထိုင်လျက်ရှိသည်ဟု ကိုထိန်ဝင်းက ပြောသည်။ 

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၉ နှစ် အရွယ် ကိုထက်ကိုသည်လည်း ၎င်း၏ အမျိုးသမီးမှာ မီးဖွားရန် ဗဟိုအမျိုးသမီးဆေးရုံရောက်ရှိနေစဉ် အတည်ပြုလူနာဖြစ်သွားသည့်အတွက် ကွာရန်တင်းစင်တာသို့ သွားရန် စီစဉ်သော်လည်း နေရာမရှိသဖြင့် လက်ရှိတွင် ၎င်း၏နေအိမ်တွင်နေရသည်ဟုဆိုသည်။

“စက်တင်ဘာ ၂၃ ရက်က စစ်ဆေးတဲ့အဖြေမှာ ပိုးတွေ့အတည်ပြုလူနာ ဖြစ်သွားတယ်။ နှစ်ရက်လောက်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ည ၁၀ နာရီလောက်မှ လှိုင်မြို့နယ်က ပါရမီကွာရန်တင်းစင်တာကို ရောက်ခဲ့တယ်။ အဲဒီမှာလည်း လူတွေပြည့်နေတယ်” ဟု ကိုထက်ကို၏ ဇနီးဖြစ်သူက ပြောသည်။

အတည်ပြုလူနာဖြစ်သော်လည်း ၎င်းနှင့် ၇ ရက်သား ကလေးငယ်မှာ လက်ရှိအချိန်ထိ အတည်ပြုလူနာအမှတ်စဉ် မတပ်ရသေးကြောင်းလည်း ၎င်းက ပြောသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာ ၂၅) နံနက်ပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ ၈,၅၁၅ ဦးနှင့် သေဆုံးသူ ၁၅၅ ဦးရှိပြီဖြစ်သည်။ 

ထုတ်ပြန်ထားချက်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းအတည်ပြုလူနာပေါင်း ၅၅၁၄ ဦး ရှိနေပြီး PUI အဖြစ်သတ်မှတ်၍ ကွာရန်တင်းစင်တာများတွင် စောင့်ကြည့်စစ်ဆေးနေသူ ၇၄၂၉ ဦးရှိနေသည်။

ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းကျရောက်မှုတွင် နေ့စဉ်အတည်ပြုလူနာအရေအတွက် တွေ့ရှိမှုမြင့်မားနေဆဲဖြစ်ကာ စက်တင်ဘာ ၂၁ ရက်တွင် ဓာတ်ခွဲနမူနာ ၅၄၀၀ ကျော်စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၆၆၆ ဦးနှင့် စက်တင် ဘာ ၂၃ ရက်တွင် နမူနာ ၅၈၀၀ ကျော်စစ်ဆေးရာ အတည်ပြုလူနာ ၈၆၉ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၂၄ တွင် ဓာတ်ခွဲနမူနာ ၄၇၀၀ ကျော်စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၆၈၈ ဦးတွေ့ရှိခဲ့သည်။ 

Show More

Related Articles

Back to top button