ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တောင်ပိုင်း မိုးစဲကျွန်းဒေသတွင် တပ်မတော်စစ်ရေယာဉ်၏ ပစ်ခတ်မှုကြောင့် မေယုမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများထွက်ပြေးနေရသည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာတာဝန်ရှိသူများက စက်တင်ဘာ ၂၃ တွင် ပြောသည်။
“ထွက်ပြေးနေကြတာက အရင်သုံးရွာ၊ ဒီနေ့ ပြေးတာက နှစ်ရွာ၊ အားလုံးစုစုပေါင်း ဒီတစ်ပတ်အတွင်း ထွက်ပြေးနေကြတာ ငါးရွာရှိတယ်။ လူဦးရေက အားလုံး တစ်သောင်းနီးပါး ကပ်သွားပြီ။ သူတို့ နေဖို့ထိုင်ဖို့ အဆင်မပြေဘူး။ ဒီအတိုင်း မြေပြင်ပဲ နေနေကြရတယ်။ ဌာနဆိုင်ရာတွေကလည်း ဘာမှလုပ်ပေးတာ မရှိဘူး” ဟု ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
ရသေ့တောင်မြို့နယ်တွင် မေယုမြစ်ကြောင်းအတိုင်း သွားလာသည့် တပ်မတော်စစ်ရေယာဉ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။
တပ်မတော်ရေယာဉ်၏ ပစ်ခတ်မှုများကြောင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသမှ အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ဇက်သင်္ဘောက ရသေ့တောင်ဘက်ကနေ ဆင်းရင်လည်း ရွာတွေကို ပစ်ခဲ့တယ်။ ရေချမ်းပြင်ဘက်ကနေ အပေါ်ကိုတက်ရင်လည်း ပစ်တယ်။ ကံပြင်၊ မြင်းကန်းချောင်း၊ ကပ်ချောင်းကျေးရွာအထိတောင် ရောက်တယ် ကျည်ဆန်တွေ” ဟု အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
တပ်မတော်ရေယာဉ်၏ ပစ်ခတ်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ကျေးရွာများမှာ ရွှေလောင်းတင်၊ ကံပြင်၊ မြင်းကန်းချောင်း၊ ကူတောင်နှင့် ဦးဂါကျေးရွာများ ဖြစ်ပြီး လူဦးရေ ရာနှင့်ချီသော ကျေးရွာများဖြစ်သည်။
အထက်ပါကျေးရွာများမှ ဒေသခံများမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ကပ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။
“အခုလက်ရှိ ကံပြင်ကနေရောက်နေတာ လူဦးရေ ၄၀၀ ကျော်လောက်ရှိပါတယ်။ နေစရာမရှိလို့ လောလောဆယ်တော့ စာသင်ကျောင်းတွေမှာပဲ ဖြစ်သလို နေကြရတယ်။ ဒုက္ခသည်တွေ နေဖို့၊ ထိုင်ဖို့ မြို့နယ်ကို တင်ပြထားတယ်။ အပေါ်ကို အဆင့်ဆင့်တင်ပေးမယ်လို့ ပြောထားတယ်။ အခု အဖြေက မထွက်သေးဘူး” ဟု အဆိုပါကပ်ချောင်းကျေးရွာသားက ဆိုသည်။
လူဦးရေ ၁,၇၀၀ ကျော်ရှိ ရွှေလောင်းတင်ကျေးရွာတွင် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၈ နှစ်အရွယ် ဆန်စက်ပိုင်ရှင် ဦးမောင်မောင်ချေ သေဆုံးခဲ့ပြီး အခြားသူ နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
ထိုလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရခြင်းဖြစ်ကြောင်း ရွှေလောင်းတင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ထွန်းအေးက ဆိုသည်။
“နေဖို့ထိုင်ဖို့ နေရာမရှိ၊ မိုးရာသီဖြစ်လို့ အခက်အခဲဖြစ်ပါတယ်။ ပြေးကြတာက ဘယ်နေရာကို ပြေးတယ်လို့ မဟုတ်တော့ဘူး။ အများစုကတော့ ရေပိုက်ဆုံမှာ ရှိတယ်။ စစ်တွေဘက်ကို ကူးတဲ့လူလည်း ရှိမယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုတော့ ပြောလိုက်တယ်၊ ကျွန်တော်တို့ရွာကို ၁၇ ရက်နေ့က လက်နက်ကြီးကျလို့ ရွာသားတွေက ထွက်ပြေးကြရတယ်လို့” ၎င်းက ပြောသည်။
အဆိုပါသတင်းနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
ရသေ့တောင်မြို့နယ် မြင်းကန်းချောင်းကျေးရွာနှင့် ရွှေလောင်းတင်ကျေးရွာမှ ရေပိုက်ဆုံကျေးရွာသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ဒုက္ခသည် အမျိုးသမီးများနှင့် ကလေးငယ်များမှာ ယနေ့တွင် စစ်တွေဘက်သို့ ထပ်မံထွက်ပြေးနေကြောင်း ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားမှုတွင် ဒုတိယအများဆုံးဖြစ်သည့် ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် သေဆုံးသူမရှိသော်လည်း လွန်ခဲ့သည့် ငါးလကျော်ကာလအတွင်း တိုက်ပွဲများကြောင့် အရပ်သား ၂၁၅ ဦး သေဆုံးပြီး ၃၅၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် ရွေးကောက်ပွဲကျင်းပမည့်အခြေအနေများကြောင့် ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့သုံးဖွဲ့က စက်တင်ဘာ ၁ မှ နိုဝင်ဘာ ၉ အထိ အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည့်နည်းတူ တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့များရှိရာ နေရာများမှအပ တစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၁ မှ ၃၀ အထိ အပစ်ရပ်ထားမည်ဖြစ်ကြောင်း ကြေညာထားသည်။