
အာဏာသိမ်းဗိုလ်ချုပ်ကြီးများ နေထိုင်သည့် နေပြည်တော်လုံခြုံရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းဝန်ထမ်းများဖြင့် တပ်ဖွဲ့ခွဲများ နှစ်ရက်အတွင်း ဖွဲ့စည်းရန် နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် စစ်ကောင်စီက ညွှန်ကြားထားသည်။
နေပြည်တော်ကောင်စီက လက်အောက်ဌာနများကို ညွှန်ကြားထားသည့် ယင်းနှင့် စပ်လျဉ်းသည့် လျှို့ဝှက်ရုံးစာတစ်စောင် Facebook တွင် ပျံ့နှံ့နေပြီး ထိုစာပါ အချက်အလက်များ မှန်ကန်ကြောင်း ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦးက အတည်ပြုသည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း နိုင်ငံအနှံ့ ခုခံတွန်းလှန်မှုများကြောင့် စစ်ပန်းနေပြီး မြို့နှင့် တပ်စခန်းများ၊ တိုက်လေယာဉ်အပါအဝင် အကြီးစားစစ်လက်နက်ပစ္စည်းများ၊ စစ်စခန်းများ ဆုံးရှုံးလာနေချိန်၊ အရာရှိစစ်သည်များထဲတွင် ဘက်ပြောင်းခိုလှုံသူ၊ လက်နက်ချသူ၊ သေဆုံး၊ ဒဏ်ရာရသူ များပြားနေချိန်တွင် စစ်ကောင်စီ၏ ထိုညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး တင်မောင်ဆွေ လက်မှတ်ထိုးထားသည့် ထိုစာတွင် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် စစ်သင်တန်းများ ပြန်လည်သင်ကြားနေသည့် နိုင်ငံဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်ပြီးသောဝန်ထမ်းနှင့် စစ်မှုထမ်းဟောင်းများ တာဝန်ထမ်းဆောင်ရမည့် နည်းလမ်းများ ဖော်ပြထားသည်။
ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများကို အခြေခံ၍ တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းထားပြီး လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်အတွက် လိုအပ်ပါက တပ်ခွဲတစ်ခွဲသည် ရုံးပြင်ပထွက်၍ ကူညီရှာဖွေကယ်ရေးတာဝန် ထမ်းဆောင်ရန်၊ ကျန်တပ်ခွဲက ပုံမှန်ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ထောက်ပံ့မှုများ လုပ်ဆောင်ရန် နေပြည်တော်ကောင်စီ၏ ညွှန်ကြားစာတွင် တွေ့ရသည်။
လတ်တလောအခြေအနေအရ မိမိရုံးဌာနအလိုက် ဖွဲ့စည်းထားသော တပ်ခွဲ ၂ ခွဲကို ဌာနအကြီးအကဲက ကွပ်ကဲရန်နှင့် တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းမှုကို ပြုစု၍ နိုဝင်ဘာ ၁၇ (မနက်ဖြန်) အရောက် မပျက်မကွက်တင်ပြရန် စစ်ကောင်စီက တစ်ပါတည်း ညွှန်ကြားထားသည်။

နိုင်ငံအနှံ့ စစ်မီးဝိုင်းနေပြီး ဆုံးရှုံးမှုကြီးမားနေသည့် စစ်ကောင်စီ၏ ထိုသို့ ညွှန်ကြားချက်မှာ ဌာနဆိုင်ရာအားလုံးနှင့် သက်ဆိုင်ခြင်းရှိမရှိ၊ အမျိုးသမီးများနှင့် အကျုံးဝင်ခြင်းရှိမရှိတို့ကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။
လုံခြုံရေးအရ အမည်နှင့် ကိုယ်ရေးအချက်အလက်များ ထုတ်မပြောလိုသူ နေပြည်တော်ဌာနဆိုင်ရာရုံးတစ်ရုံးမှ အရာထမ်းအမျိုးသားတစ်ဦးက ၎င်းတို့ဌာနအတွင်းတွင် စစ်မှုထမ်းဆောင်ရမည့်သတင်း ကျယ်ပြန့်စွာ ထွက်ပေါ်နေပြီး အသေးစိတ်မသိရသေးကြောင်း ပြောသည်။
“အဓိက အရန်အင်အားမရှိတော့လို့ အရန်အနေနဲ့ ဖွဲ့တယ်လို့ ပြောတယ်။ မနေ့က အဲဒီသတင်းထွက်တာနဲ့ ဝန်ထမ်းတွေက ထွက်မယ်ဆိုတာချည်းပဲ။ ခုချိန် ထွက်မယ်ဆိုရင်တောင် ထွက်ခံမှာ မဟုတ်ဘူး။ ထွက်မဲ့သူ အရေးတောင် အယူခံရနိုင်တယ်” ဟု ၎င်းက ပြောသည်။
ထိုအခြေအနေကြောင့် စစ်မှုထမ်းစာရင်း တောင်းလာလျှင် မဖြစ်မနေ ပါဝင်ရမည့် အခြေအနေသို့ ရောက်နေပြီး တာဝန်မထမ်းလိုပါက ထွက်ပြေးရုံသာရှိကြောင်း ထိုသူက ဆက်ပြောသည်။
“ခုက အင်အားတောင်းတဲ့ အခြေအနေပဲ ရှိသေးတယ်။ ပြောဖို့တော့ ခက်တယ်ဗျ။ ရှေ့တန်းတော့ မလွှတ်လောက်ပါဘူး။ မြို့လုံခြုံရေးအတွက် လုပ်ခိုင်းရင်တောင် အိမ်ထောင်သည်နဲ့ ရုန်းမထွက်နိုင်တဲ့သူတွေနဲ့ ရွေးချယ်ရာမရှိတဲ့သူတွေက လုပ်၊ ရှိတဲ့သူတွေက ရတဲ့နည်းနဲ့ ထွက်ကြမှာပဲ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းတက်ခဲ့ဖူးသော၊ နေပြည်တော်အခြေစိုက် ဝန်ကြီးဌာနတစ်ခုတွင် ဦးစီးအရာရှိ တာဝန်ယူနေသော အမျိုးသားတစ်ဦးကလည်း ထွက်ပေါ်နေသော သတင်းများကြောင့် အခက်တွေ့နေသည်ဟု ပြောသည်။
“ကျွန်တော်က စစ်သင်တန်းမပေးတဲ့ NLD လက်ထက်က သင်တန်းတက်ရတာ။ (အခုစစ်မှုထမ်းစာရင်း) ထဲ ပါမပါ မသိသေးဘူး။ အင်အားစာရင်းပေးတာက အကြောင်းမဟုတ်ဘူး။ သူတို့ စီမံခန့်ခွဲတဲ့အပေါ်နဲ့ လုပ်ရမဲ့အခြေအနေပေါ် မူတည်ပြီး တစ်ခုခုတော့ ဆုံးဖြတ်မှာ” ဟု အထက်ပါ ဦးစီးအရာရှိက ပြောသည်။

စစ်ကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် တက်ရောက်နေသူ ကျောင်းသူ ကျောင်းသားများကိုလည်း စစ်သင်တန်းပေးလျက်ရှိသည်။
ထို့အတူ စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသည့်၊ စည်းရုံး၍ ရသည့် အရပ်သားတချို့ကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးကာ စစ်မှုထမ်းခိုင်းထားသည်။ ထိုအဖွဲ့များကို ပျူစောထီးဟု အများက သိကြသည်။
နိုင်ငံမြောက်ဖျားမှ တောင်ဘက်စွန်း၊ အရှေ့ပိုင်းမှ အနောက်ဘက်အထိ ဧရိယာပေါင်းစုံတွင် တော်လှန်ရေးအဖွဲ့ပေါင်းစုံနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီမှာ စိုးမိုးထိန်းချုပ်နိုင်သည့် နယ်မြေများ တစ်စတစ်စ လျော့ပါး၊ ဆုံးရှုံးမှုများ တိုးပွားလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ဗိုလ်ချုပ်ကြီးများ ရုံးထိုင်သည့် နေပြည်တော်မြို့တွင်းနှင့် အနီးတစ်ဝိုက်ဒေသများတွင်ပင် တော်လှန်ရေးအဖွဲ့တို့၏ တိုက်ခိုက်မှုများ ရံဖန်ရံခါဖြစ်လေ့ရှိသည်။