သတင်း

စစ်ကိုင်းနှင့် မကွေးတွင်လည်း စစ်ကောင်စီတပ်သားတချို့ ဘက်ပြောင်းခိုလှုံ

နိုင်ငံအလယ်ပိုင်းတွင် ရှမ်းမြောက်ဒေသကဲ့သို့ တပ်ရင်းလိုက် လက်နက်ချမှု မရှိသေးသော်လည်း လက်နက်နှင့်အတူ တစ်ဦးချင်း ဘက်ပြောင်းခိုလှုံသူများ ရှိနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တိုက်ပွဲများပြင်းထန်လာချိန်တွင် နိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဘက်ပြောင်းခိုလှုံနေကြသည်။

နိုဝင်ဘာလဆန်းမှစတင်ပြီး ၂ ပတ်တာကာလအတွင်း စစ်ကိုင်းတိုင်းအတွင်း ခင်ဦးနှင့် ချောင်းဦး၊ မကွေးတိုင်းအတွင်း မြိုင်နှင့် ထီးလင်း စသည့် မြို့နယ်တို့တွင် လက်နက်အပ် ဘက်ပြောင်းလာသူ ၄ ဦး ရှိကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သည်။

ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၁ ဦးသည် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ချိတ်ဆက်ပြီး သေနတ် ၁ လက်အပါအဝင် လက်နက်ခဲယမ်းများနှင့် ယမန်နေ့ (နိုဝင်ဘာ ၁၄) တွင် ဘက်ပြောင်းလာသည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး ပကဖအဖွဲ့က ထုတ်ပြန်သည်။

မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ လုပ်သက် ၁၃ နှစ်ရှိ ရဲဒုတပ်ကြပ်တစ်ဦးလည်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့ကြောင်း မြိုင်ပကဖက ယမန်နေ့ (နိုဝင်ဘာ ၁၄) ရက်က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ရဲတပ်သား ၁ ဦး၊ နိုဝင်ဘာ ၅ ရက်နေ့တွင် မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်မှ ဒုအရာခံဗိုလ် ၁ ဦးတို့လည်း လက်နက်အပ်ကာ ဘက်ပြောင်းလာခဲ့သည်ဟု Yaw Revolution Army-ထီးလင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဒုအရာခံဗိုလ် ကျော်စိုးလှိုင်ကို Yaw Revolution Army-ထီးလင်းအဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၅၀ ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်နေရာတွင် လုံခြုံစွာ စောင့်ရှောက်ထားသည်ဟုလည်း ဆိုသည်။

လက်နက်အပ် အလင်းဝင်လိုသည့် စစ်ကောင်စီတပ်သားများ ဆက်ရှိနေပြီး တိုက်ပွဲများ ပိုမိုများပြား ပြင်းထန်လာချိန်တွင် အသက်အန္တရာယ်ကြောင့် အလင်းဝင်လာသူများလည်း ရှိသည်ဟု Yaw Revolution Army တာဝန်ရှိသူ သခင်ဇော်က ပြောသည်။

“သူတို့ပြောတာက CDM ဝင်ချင်နေတာ ကြာပြီ။ အဖွဲ့အစည်းတွေကို မယုံရဲဘူး။ အသက်အန္တရာယ်တွေ စိုးရိမ်ရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ကြန့်ကြာခဲ့တာပေါ့။ လက်ရှိအချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေ လုပ်နေတဲ့အချိန်မှာ မဖြစ်မနေဝင်ရတော့မယ် သူ့အသက်အန္တရာယ် မသေချာဘူးဆိုပြီး နောက်ဆုံးပိတ်ဆုံးဖြတ်ချက်နဲ့ ဝင်လာတာ” ဟု သူက ပြောသည်။

ဒုအရာခံဗိုလ် ကျော်စိုးလှိုင်ကို Yaw Revolution Army-ထီးလင်းအဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်စဉ်။ (ဓာတ်ပုံ − Yaw Revolution Army)

စစ်ကောင်စီတပ်သားများ အလင်းဝင်ရောက်ရန် တိုက်တွန်းထားသည့် စာရွက်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၄ က ရေဦးမြို့ထဲသို့ နိုဝင်ဘာလ ၁၀ ရက်တွင် ဒရုန်းဖြင့် ကြဲချထားသည်။

စစ်ကောင်စီတပ်သားများ လက်နက်ချရန် တော်လှန်ရေးတပ်ဖွဲ့အသီးသီးက တိုက်တွန်းထားပြီး ဘက်ပြောင်းခိုလှုံပါက အသက်အန္တရာယ်မပြု၊ မိသားစုနှင့် တွေ့ခွင့်ပေးမည်၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ပေးမည်၊ ဆုငွေချီးမြှင့်မည်ဟု အခွင့်အရေးပေးထားသည်။

တပ်ရင်းလိုက် လက်နက်ချခြင်း

ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်အဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစပြီး ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၁၅၀ နီးပါး သိမ်းပိုက် ရရှိထားသည်၊ ဤအတောအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် လက်နက်ချမှုများရှိနေသည်။

ကွမ်းလုံမြို့နယ်အတွင်း တိုက်ခိုက်ခံနေရသည့် ခလရ ၁၄၃ က အောက်တိုဘာ ၃၀ တွင် လက်နက်ချရာ ထိုတပ်မှ ဒုတိယတပ်ရင်းမှူး၊ တပ်ခွဲမှူးနှစ်ဦးအပါအဝင် ၄၁ ဦးကို MNDAA က “လုံခြုံဘေးကင်းသော နေရာသို့ ရောက်ရှိအောင် စီစဉ်ဆောင်ရွက်ခဲ့သည်” ဟု ညီနောင် ၃ ဖွဲ့က ကြေညာခဲ့သည်။

ကွမ်းလုံနှင့် ကပ်လျက် တည်ရှိသည့် လောက်ကိုင်တွင်လည်း တပ်ရင်းတစ်ခု လက်နက်ချလိုက်ရာ ခလရ ၁၄၃ ထက် လက်နက်ကိုင်အင်အား ၃ ဆ ပိုမိုများပြားသည်ကို တွေ့ရသည်။

တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် အမှတ် ၁၂၉ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်အင်အား ၁၂၇ ဦးသည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် မိသားစုဝင်များနှင့်အတူ အလင်းဝင်ခဲ့သည်။

ဗိုလ်မှူးကျော်ရဲအောင်တို့ တပ်ရင်းတစ်ခုလုံး “ပြည်သူ့ရင်ခွင်” သို့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ညီနောင် ၃ ဖွဲ့က ကြေညာချက်ထုတ်ခဲ့ပြီး အွန်လိုင်းလူမှုကွန်ရက်သုံးသူ အများအပြားကလည်း ဗိုလ်မှူးကျော်ရဲအောင်၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း မှတ်ချက်ပေးခဲ့ကြသည်။

ထိုကဲ့သို့ တပ်ရင်းတပ်ဖွဲ့လိုက် လက်နက်ချ အလင်းဝင်သည့် ဖြစ်ရပ်များမှာ အထိနာနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက်လည်း အချိန်မီ ဘက်ပြောင်းခိုလှုံရေးအတွက် တွန်းအားတစ်ခုဖြစ်လာသည်ဟု Yaw Revolution Army တာဝန်ရှိသူ သခင်ဇော်က မှတ်ချက်ပြုသည်။

“ပြည်သူ့ရင်ခွင် ခိုလှုံတယ်ဆိုတာက အခုချိန်ထိ အချိန်နှောင်းတယ်လို့ မရှိပါဘူး။ ပြည်သူတွေဘက်က နွေးနွေးထွေးထွေး ကြိုဆိုမှုရှိပါသေးတယ်။ တကယ်လို့ မဖြစ်မနေ တိုက်ပွဲတိုက်ရတော့မယ်ဆိုရင်တောင်မှ ပြည်သူပြည်သူအချင်းချင်း ပစ်နေမယ့်အစား တကယ်ဝင်ချင်စိတ်ရှိရင် လက်နက်ချ အလင်းဝင်လို့ ရတယ်လို့ပဲ ပြောချင်ပါတယ်” ဟု သခင်ဇော်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသည့်အနေဖြင့် တိုက်စစ်ဖွင့်တော့မည်ဟု ဆိုသည့် မြိုင်ပကဖအဖွဲ့ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်ချကြရန် တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက်တွင် စစ်သား ၃၂၅၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀၅၃၆ ဦး စုစုပေါင်း ၁၃၇၇၁ ဦး ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့ရာ ထိုအထဲတွင် ဒုဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်သည်ဟု ဆိုသည်။

လတ်တလော ဘက်ပြောင်းမှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးသည့် စစ်ကောင်စီက ရှေ့တန်းရောက် စစ်သည်များကို လှူဒါန်းကြရန် အများပြည်သူကို တိုက်တွန်းလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button