သတင်း

လောက်ကိုင်မှ ထွက်ခွာနေသည့် လူအုပ် လက်နက်ကြီးထိ၊ ၆ ဦးသေ

လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် မြို့ကို စွန့်ခွာနေသည့် ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

တရုတ်-မြန်မာနယ်စပ်၊ ကိုးကန့်အထူးဒေသ၏ မြို့တော် လောက်ကိုင်ကို တိုက်ခိုက်မည်ဆိုသည့် သတင်းများကြောင့် မြို့ခံထောင်နှင့်ချီ နေရပ်စွန့် ထွက်ခွာနေကြစဉ် နိုဝင်ဘာ ၁၁ ရက် ညနေတွင် လက်နက်ကြီးကျည်များ လူအုပ်အနီး ကျရောက်ပေါက်ကွဲ၍ ၆ ဦး အနည်းဆုံး သေဆုံးခဲ့သည်။

မြို့မှ မိုင်အနည်းငယ်သာ ကွာဝေးသည့် ဆယ်တန်ဂိတ်အနီး ပစ်ခတ်ခံရခြင်း ဖြစ်သည်၊ လောက်ကိုင်မြို့တွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) က ပစ်ခတ်ခြင်း ဖြစ်သည်ဟု လောက်ကိုင်ဒေသခံများက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှင့် တစ်မိုင်ခန့်အကွာတွင် ရှိနေသည့် အမျိုးသားတစ်ဦးက ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းရှိကြောင်း၊ ဝရုန်းသုန်းကာ ထွက်ပြေးစဉ် ဒဏ်ရာရသူများလည်း ရှိကြောင်း ပြောသည်။

“လူက အများကြီးပဲ၊ ကားတွေရော၊ ဆိုင်ကယ်တွေရော၊ လမ်းလျှောက်တဲ့သူတွေရော။ ပထမတစ်လုံး ကျတုန်းက လူမထိသေးဘူး၊ နောက်တစ်လုံးကျ လူတွေကြားထဲကို ကျတာ၊ ခေါင်းပွင့်ထွက်သွားတဲ့သူပါ ရှိတယ်” ဟု အသက် ၃၀ ကျော်အရွယ် အဆိုပါအမျိုးသားက ဆိုသည်။

လက်နက်ကြီးကျည်အချို့ လမ်းမပေါ်နှင့် လမ်းဘေးများသို့ ကျရောက်ပေါက်ကွဲလာသည့်အတွက် ခရီးသွားများအားလုံး ဝရုန်းသုန်းကာ ထွက်ပြေးကြရသည်ဟု ၎င်းက ဆက်ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်တွင်လည်း လူအုပ်ကြီးက ဆိုင်ကယ်များဖြင့်ရော၊ ခြေလျင်ပါ ပြေးနေကြရပြီး အများအပြားမှာ လမ်းမကြီးပေါ်မှ ဆင်းကာ လမ်းဘေးကွင်းပြင်တွင် ဝရုန်းသုန်းကား ပြေးနေကြသည်ကို တွေ့ရသည်။

ထို့နောက် ရာနှင့်ချီသည့် ဒေသခံများ လောက်ကိုင်မြို့တွင်း ပြန်လည်ဝင်ရောက်သွားသည်၊ “ဝ“ ဒေသဘက်သို့ ဆက်လက်ထွက်ခွာသွားစဉ် ဆယ်တန်ဂိတ်နှင့် ပါစင်ကျော်ရွာအကြား ပိတ်မိနေသူများ ရှိသည်ဟု လောက်ကိုင်ဒေသခံများက ပြောကြသည်။

စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကိုးကန့်တပ်မတော် (MNDAA) ပြောခွင့်ရ လီကျားဝေက လက်နက်ကြီးကျသည့်နေရာတွင် ၎င်းတို့တပ် ရှိမနေဟု ဆိုသည်။

“ဖြစ်တဲ့နေရာမှာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ မရှိဘူး၊ တိုက်ပွဲဖြစ်တာလည်း မရှိဘူးဗျ။ ပြီးတော့ ကျွန်တော်တို့အဖွဲ့ လက်လှမ်းမမီတဲ့နေရာလည်း ဖြစ်နေတော့ အသေးစိတ်တော့ အတည်ပြုဖို့ ခက်တယ်”

ပစ်ခတ်မှုဖြစ်ပြီးနောက် ဒဏ်ရာရခရီးသည်တချို့ကို MNDAA အဖွဲ့က ဆေးကုပေးခဲ့သည်ဟု လီကျားဝေက ဆိုသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေး ၁၀၂၇ ကို စတင်လိုက်ပြီး ထိုနေ့တွင်ပင် နယ်စပ်ကုန်သွယ်ရေးမြို့ ချင်းရွှေဟော်ကို သိမ်းယူလိုက်သည်။

ချင်းရွှေဟော်မြို့ ကျသွားပြီးနောက် လောက်ကိုင်မြို့ကို တိုက်ခိုက်မည်ဆိုသည့် သတင်းများကြောင့် အောက်တိုဘာ ၂၇ ကတည်းက မြို့နေ ဒေသခံများအပြင် မြန်မာပြည်အနှံ့မှ လာသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီပြီး လောက်ကိုင်မြို့မှ ထွက်ခွာနေကြသည်။

လောက်ကိုင်မြို့နှင့် အနီးဝန်းကျင်တွင် မြောက်ပိုင်းမဟာမိတ်တပ်များ ထိန်းချုပ်ထားရာပြမြေပုံ။ 

လောက်ကိုင်မြို့နှင့် ၈ မိုင်ခန့်သာ ဝေးသည့် ပါစင်ကျော်ရွာအနီး MNDAA တပ်က ပိတ်ဆို့ စစ်ဆေးနေရာ ထွက်ခွာခွင့် ရရန် စောင့်ဆိုင်းနေသူ အများအပြားရှိကြောင်း၊ ထောင်နှင့်ချီသည့် ဒေသခံများမှာ လောက်ကိုင်မြို့နှင့် ပါစင်ကျော်ရွာအကြားတွင် ပိတ်မိနေကြကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ ရက် ညနေက ပါစင်ကျော်ရွာအနီး မိုင်ဝက်ခန့်သာ ဝေးသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားရာ MNDAA နှင့် လောက်ကိုင်မြို့အကြား ၇ မိုင်ခွဲခန့်သာ ကွာဝေးတော့သည်။

ရှမ်းပြည်နယ်အရှေ့မြောက်ဘက်တွင် ရှိပြီး တောင်ပတ်လည် ဝန်းရံထားသည့် လောက်ကိုင်မြို့သည် ကိုးကန့်အထူးဒေသ၏ မြို့တော်ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးတွင် ရှိကာ ၂၀၀၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၅၀၀၀၀ ကျော် နေထိုင်ကြသည်။

ကိုးကန့်အထူးဒေသတွင် ကုန်းကြမ်း၊ မော်ထိုက်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ စသည့် မြို့ ၅ မြို့ ပါဝင်ပြီး နှစ်မြို့ကို MNDAA က သိမ်းယူထားပြီးဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ မင်းပြားနှင့် ကျောက်တော် စသည့် မြို့များတွင် ရက္ခိုင့်တပ်တော် (AA) က တိုက်ပွဲများ စတင်ဖော်ဆောင်နေပြီဖြစ်သည်။

ထိုစစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ စခန်း ၁၃၀ ကျော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ ၆ မြို့တွင် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့သည်။

“လောက်ကိုင်မြို့ကို ပြန်သိမ်းရေး” သည် ထိုစစ်ဆင်ရေးတွင် ပါဝင်နေရာ လောက်ကိုင်တွင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒေသခံများသည် မြို့ကို စွန့်ခွာနေကြခြင်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့က ကိုးကန့်- တရုတ်နယ်စပ်မျဉ်း BP125 အနီး စစ်ရှောင်စခန်းဖွင့်လှစ်ထားပြီး စစ်ရှောင် ၁၆၀၀၀ ကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့တွင် စစ်တပ်၊ ပြည်သူ့စစ်နှင့် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်တပ်များက အသင့်အနေအထားဖြင့် ရှိနေကြပြီး ယမန်နေ့ နိုဝင်ဘာ ၁၃ မှ စတင်၍ မြို့အဝင်အထွက်ကို ပိတ်လိုက်ကာ ညနေ ၆ နာရီနောက်ပိုင်း ညမထွက်ရအမိန့် ကြေညာကာ သွားလာခွင့် ပိတ်ထားသည်။

လောက်ကိုင်နှင့် ကုန်ကြမ်းမြို့နယ်တို့ကို ညမထွက်ရန် အမိန့်ထုတ်ထားသည်ဟု ၎င်းတို့၏ ပြန်ကြားရေးဌာနမှတစ်ဆင့် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုးနှင့် သိန္နီတို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး နိုဝင်ဘာ ၁၃ တွင် ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် ညမထွက်ရအမိန့် ထုတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button