သတင်း

သာစည်တွင် ကင်းလှည့်စစ်သားများ တိုက်ခိုက်ခံရ၊ တစ်ဦးသေဆုံး

သာစည်မှ ဝမ်းတွင်းမြို့နယ်ဘက်သို့ ဆိုင်ကယ် ၂ စီးဖြင့် ရောက်လာသည့် စစ်သားလေးဦးကို လက်ဦးမှုယူကာ ပစ်ခတ်ခဲ့သည်ဟု ဝမ်းတွင်းမြို့နယ်ပျောက်ကြားတပ်ဖွဲ့ (WTRF) က ပြောသည်။

စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့အများအပြားအခြေစိုက်ရာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၂ မနက်ပိုင်း) က ဆိုင်ကယ်စီး စစ်သား ၄ ဦးကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

မိတ္ထီလာမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာ သာစည်မှ ဝမ်းတွင်းမြို့ဘက်ကို ခရိုင်ချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်နှစ်စီးဖြင့် ကင်းလှည့်လာသည့် ထိုစစ်သားများကို မြို့နယ်နှစ်ခုကြား မြောင်းဦးရွာအနီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (WTRF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရှေ့က ဆိုင်ကယ်မောင်းတဲ့ကောင်က ပစ်ပစ်ချင်း သေတယ်။ လဲကျသွားတာတော့ နှစ်ယောက်လုံးပါ။ နောက်ဆိုင်ကယ်က ကံကောင်းချင်တော့ ပြည်သူတစ်ယောက် ကပ်ပါလာလို့ ထိန်းပစ်ရလို့ ဆိုင်ကယ် လဲသွားပြီး နောက်က ဗိုလ်က ခါးအောက်ပိုင်း မှန်ထားတယ်” ဟု သူက ဆိုသည်။

ခါးအောက်ပိုင်း ထိမှန်သူသည် ကျည်ကာဝတ်ဆင်ထားပြီး ပစ္စတိုသေနတ် ကိုင်ဆောင်ထားခြင်းကြောင့် အရာရှိဟု ယူဆနိုင်ကြောင်း၊ ဒဏ်ရာကို လက်နှင့် ဖိကာ သာစည်မြို့သို့ ပြန်မောင်းထွက်ပြေးသွားကြောင်း WTRF တာဝန်ရှိသူက ဆိုသည်။

ကျည်ထိမှန်၍ ဆိုင်ကယ်လဲသွားသော စစ်သား ၃ ဦးအနက် တစ်ဦး ပွဲချင်းပြီးသေသည်၊ အခြား ၂ ဦးက ပြန်လည်ပစ်ခတ်နေခြင်းကြောင့် လက်နက်မကောက်နိုင်ဘဲ ပြန်ဆုတ်လာရသည်ဟုလည်း ပြောသည်။

မည်သည့်တပ်ရင်းမှ စစ်သားများဖြစ်ကြောင်း မသိရသေးပေ။

WTRF အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာတွင် ဝမ်းတွင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနှင့် ရဲစခန်း ယာယီစခန်းမှူး ရဲအုပ်စောနိုင်ဦးတို့ကို ပစ်သတ်ခဲ့သလို မြို့နယ်အတွင်း ပြောက်ကျားတိုက်ခိုက်မှုများ ဆက်လုပ်နေသည်။

ဤအတောအတွင်း ညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇” အမည်ဖြင့် စစ်ဆင်ရေးဆင်နွှဲနေသလို စစ်ကိုင်း၊ ကချင်၊ ကရင်နီ (ကယား)၊ ကရင်ပြည်နယ်နှင့် ရခိုင်တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေရာ WTRF ကလည်း ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြောသည်။

“ကျွန်တော်တို့ကတော့ အရှိန်မြှင့်ပြီး ညီနောင်တွေနဲ့အတူ အာဏာရှင်စနစ် အမြန်ဆုံး အဆုံးသတ်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်း အကုန်ထုတ်ပြီး ချမှာပါ။ စစ်ကောင်စီတပ်သားတွေကို ပြောချင်တာကတော့ သူတို့ စခန်းက ထွက်တာနဲ့ စစ်မြေပြင်ပဲဆိုတာ သိထားပါ” ဟု WTRF တာဝန်ရှိသူက ပြောသည်။

မိတ္ထီလာနှင့် နယ်နိမိတ်ချင်း ဆက်နေသည့် မြင်းခြံခရိုင်တွင်လည်း တိုက်ပွဲဆက်နေပြီး အောက်တိုဘာ ၂၇ ညနေပိုင်းတွင် စစ်သားနှင့် ရဲ ပူးပေါင်းအထိုင်ချသည့် မြင်းခြံနှင့် တောင်သာမြို့နယ်အစပ်ရှိ တိုးဂိတ်ကို တောင်သာကိုယ်စားပြု မြင်းခြံခရိုင် PDF တပ်ရင်း (၃) က အပြင်းအထန်တိုက်ခိုက်ခဲ့သည်

နိုဝင်ဘာ ၇ နှင့် ၉ ရက်တွင် မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်ကြား စစ်ကောင်စီတပ် စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခရိုင် PDF တပ်ရင်း ၃ ခုနှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သဖြင့် စစ်ကောင်စီတပ် အလွယ်တကူ တပ်ဖြန့်နိုင်သည်။ တောတောင်မထူထပ်သည့် ထိုဒေသတွင် လက်နက်အင်အား အကန့်အသတ်ရှိသည့် PDF ကလည်း ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသည်။

စစ်ကောင်စီက လက်နက်ကိုင် ခုခံသူတို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။

၂၀၂၁ နှစ်ဆန်းပိုင်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသအနှံ့အပြားမှ ဆန္ဒပြသူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button