
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့တွင် ယမန်နေ့ (အောက်တိုဘာ ၉) ညနေပိုင်းက ရဲစခန်းမှူး သေနတ်ဖြင့် ၆ ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။
လုပ်ကြံခံရသည့်မှာ ယာယီစခန်းမှူးဖြစ်သူ ရဲအုပ်စောနိုင်ဦး (ခ) ဗိုလ်စောဖြစ်ပြီး လက်ဖက်ရည်ဆိုင်ကို ကားဖြင့်သွားစဉ် ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ခံရခြင်းဖြစ်သည်ဟု စုံစမ်း သိရှိရသည်။
ဝမ်းတွင်းမြို့ အမှတ်(၁) ရပ်ကွက်ရုံးမှ အထွက်တွင် ထိုရဲစခန်းမှူးကို လိုက်လံပစ်ခတ်ခဲ့ကြောင်း ထိုမြို့ အခြေစိုက် WTRF အမည်ရ တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“ကားမောင်းနေတဲ့အချိန် နောက်ကလိုက်ပစ်တာ။ ခြောက်ချက်ပစ်တာ။ (စခန်းမှူးမှာ) ခြောက်လုံးပြူးပါတယ်။ လုံခြုံရေးအခြေအနေအရ အဆင်မပြေလို့ ပစ္စည်းမရလိုက်ဘူး” ဟု ၎င်းက ဆိုသည်။
နယ်ထိန်းခေါင်းဆောင်ဖြစ်သူ ရဲအုပ်စောနိုင်ဦးသည် ယာယီစခန်းမှူးတာဝန်ကို ပူးတွဲတာဝန်ယူထားသူဖြစ်ပြီး အပြင်ထွက်ချိန် သတင်းအတိအကျရ၍ အနီးကပ် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟုလည်း WTRF တာဝန်ရှိသူက ဆိုသည်။
ရဲစခန်းမှူး လုပ်ကြံခံရသည့်ကိစ္စတွင် အတွင်းသတင်းပေါက်ကြားမှုရှိသည်ဟုဆိုကာ စစ်ကောင်စီက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ထိုကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဝမ်းတွင်းရဲစခန်းကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးသလို၊ သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပေ။
ပစ်ခတ်မှုဖြစ်ပွားရာအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ဘောလုံးကြည့်နေသူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသလို မြို့ပေါ်လမ်းမများတွင် အစစ်ဆေးတင်းကျပ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ပစ်သတ်ခံရသူ ယာယီစခန်းမှူးသည် လာဘ်ပေးလာဘ်ယူနှင့် ကျော်ကြားသူတစ်ဦးဖြစ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများ၊ နိုင်ငံရေးအကြောင်းပြဖမ်းဆီးခံရသူတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးလေ့ရှိကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“မိန်းကလေး၊ ယောက်ျားလေး မခွဲဘူး။ CDM ဆရာမလေးတွေ၊ CDM သူနာပြုမလေးတွေကို ဖမ်းမိတာနဲ့ ညီမချင်းမစာနာ စခန်းထဲ ရိသဲ့သဲ့လုပ်တယ်။ ရိုက်စစ်တယ်” ဟု ထိုဒေသခံက ဆိုသည်။
ယနေ့တွင် စစ်တပ်က ဝမ်းတွင်းမြို့ အောင်မင်္ဂလာ၊ မကျည်းစုနှင့် မြကန်သာရပ်ကွက် ၃ ခုတွင် ပိတ်ဆို့ စစ်ဆေးနေပြီး ကျေးရွာများအထိ အိမ်ထောင်စုစာရင်းများ စစ်ဆေးနေကြောင်း သိရသည်။
လေတပ်နှင့် ကြည်းတပ်အပါဝင် စစ်ကောင်စီ တပ်ရင်းစခန်းအများအပြား အခြေစိုက်ရာ မိတ္ထီလာမြို့နှင့် နီးသည့် ဝမ်းတွင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုများက ဖောက်ခွဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)