စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်က သာစည်ရွာကို ဩဂုတ် ၁၅ ရက်မှစ၍ ယနေ့ (ဩဂုတ် ၂၁) ရက် နံနက်ပိုင်းအထိ ခြောက်ရက်ဆက်တိုက် မီးရှို့လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ကလေးမြို့တောင်ဘက် ၂ မိုင်ခွဲမျှသာ ဝေးသည့် သာစည်ရွာသည် အိမ်ခြေ ၁၃၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်သည်။ သာစည်တွင် စစ်တပ်တပ်စွဲထားဆဲဖြစ်သဖြင့် မီးရှို့မှုကြောင့် ပျက်စီးသည့် အိမ်ခြေအရေအတွက်ကို အတိအကျ မသိရသေးပေ။
သာစည်ရွာကို ယနေ့တွင် (ဩဂုတ် ၂၁) နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲဝန်းကျင်အထိ မီးဆက်ရှို့နေကြောင်း၊ အဝေးမှ မြင်ကွင်းအရ အိမ်ကြီးအိမ်ကောင်းများကို စစ်သားများက ပစ်မှတ်ထားဖျက်ဆီးနေသလို လောင်စာအသုံးပြုမီးရှို့နေသည်ဟု ယူဆရကြောင်း ဒေသခံ ၃ ဦးက ပြောသည်။
“သူတို့ရှို့ထားတာက ဒီနေ့ရောဆိုရင် အိမ်ခြေ ၂၅၀ နီးပါးကနေ ၃၀၀ နား ကပ်တော့မယ်။ မပြီးသေးဘူးနော်။ အခုရှို့နေတဲ့အချိန်ထိ ပြောပြတာ။ မီးခိုးကတော့ တစ်ရွာလုံး ပျံ့နေပြီ” ဟု သာစည်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ဩဂုတ် ၁၅ ရက်နေ့က ကလေးမြို့မှ ထွက်လာသည့် စစ်ကောင်စီနှင့် အရပ်သားလက်နက်ကိုင် (ပျူစောထီး) ပူးပေါင်းအဖွဲ့ကို ဒေသခံကာကွယ်ရေးအဖွဲ့များက သာစည်ရွာအနီးတွင် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ ထိုနေ့က စစ်တပ်က လေကြောင်းမှပါ လာရောက်ပစ်ခတ်ခဲ့သလို ရွာကိုလည်း ရက်ဆက်၍ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။
“ခုဟာက နာရီပိုင်းလောက်မှာကို ပြာကျသွားတာ။ တိုင်တွေဆိုရင် ကျန်ကိုမကျန်ဘူး။ အသားနဲ့ ပတ်သက်ရင် ဘာတစ်ခုမှ မကျန်ဘူး။ ပတ်ကားအိမ်တွေဆိုရင် အကုန်ပြိုကျတာ။ ရှို့ပုံရှို့နည်းက အာဏာကုန်ရှို့တာ“ ဟု အထက်ပါ သာစည်ရွာခံ အမျိုးသားက ပြောသည်။
ဩဂုတ် ၁၅ ရက် သာစည်ရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီ လေကြောင်းမှ ပစ်ခတ်သည့် လက်နက်များက တော်လှန်ရေးတပ်ဖွဲ့ဝင်များကို မူးဝေသတိလစ်၊ ခြေလက်ထုံကျဉ်၊ အသက်ရှုမဝဖြစ်စေခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ၁၀ ဦးဝန်းကျင်ကို ဆေးကုသပေးနေရကြောင်း ထိုဒေသတွင် အခြေစိုက်သည့် Mobile Medical Team (MMT) West Division အဖွဲ့တာဝန်ခံ ဒေါ်ရတီအုန်းက ပြောသည်။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) တွင် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကာ တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးခန့်ကိုကမူ စစ်ကောင်စီ သုံးစွဲခဲ့သည်မှာ ဓာတုဗုံးမဖြစ်နိုင်ဟု ဆိုသည်။
“ဒီဗုံးကို ကျွန်တော် မမြင်ဖူးဘူးဗျ။ တပ်က ထွက်လာခဲ့တာ ၂ နှစ်ကျော်ပြီဆိုတော့ အခုနောက်ပိုင်း ဝယ်တဲ့ နည်းပညာထဲက ဗုံးဖြစ်မယ်။ ဓာတုလက်နက်တော့ မဟုတ်လောက်ဘူး။ ဓာတုဗုံးဆိုရင် အခုပေါက်ကွဲထွက်တဲ့ ပုံစံမျိုးဖြစ်မှာမဟုတ်ဘူး”။
အာဏာသိမ်းစစ်တပ်ကို ၂၀၂၁ ခုနှစ်ကတည်းက အစောဆုံးခုခံတော်လှန်ခဲ့သည့် ဒေသတစ်ခုဖြစ်သည့် ကလေးမြို့နယ်ရှိ သာစည်ရွာအနီး စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေသည်ဟု အထက်ပါ ဒေသခံတို့ကဆိုသည်။ အသေးစိတ် မသိရသေးပေ။
မကွေးတိုင်း ဂန့်ဂေါမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ ပျူစောထီးကျေးရွာ ၁၂ ရွာမှာ တော်လှန်ရေးအဖွဲ့များက ပိတ်ဆို့ဖြတ်တောက်ထား၍ စားနပ်ရိက္ခာ အခက်ကြုံနေကြောင်း၊ မိုင် ၅၀ သာ ဝေးသည့် ကလေးမြို့ပေါ်သို့ပင် ဈေးထွက်ဝယ်ရန် အခြေအနေမပေးကြောင်း ကလေးမြို့မှ ဘုန်းကြီးတစ်ပါးက ဩဂုတ်လဆန်းတွင် စစ်ကောင်စီထံ အကူအညီတောင်းသည့် စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ဖူးသည်။
ယခု သာစည်ရွာအနီး ရောက်နေသည့် စစ်တပ်မှာ ပျူစောထီးရွာများ ကြုံတွေ့နေရသည့် စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနိုင်ရန် ဒေသတွင်း၌ စစ်ရေးလှုပ်ရှားခြင်းဖြစ်မည်ဟု ကလေးမြို့ခံတချို့က ဆိုကြသည်။
“သာစည် ပြာကျမှ (ကလေး) တောင်ပိုင်းလမ်းကြောတစ်ခွင် ပေါက်မှာဆိုပြီးတော့ သူတို့က ပစ်မှတ်ထားတာ” ဟု အထက်ပါ သာစည်ရွာခံက ပြောသည်။
စစ်ကောင်စီကို ထက်ထက်သန်သန် ခုခံနေသည့် တောင်တန်းဒေသ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကလေးမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသည်။
သာစည်ရွာတွင် တပ်စွဲပြီး နေ့စဉ်ရက်ဆက် မီးရှို့နေသည့် စစ်ကောင်စီတပ်ကြောင့် ရွာနီးချုပ်စပ်ဖြစ်သည့် ချင်းဆိုင်ရွာနှင့် ဇင်ကလင်းရွာတို့မှ ဒေသခံ ထောင်ချီပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက လက်နက်ကိုင်ခုခံမှုအားကောင်းရာကျေးရွာများကို ရွာလုံးကျွတ်မီးရှို့၊ လေကြောင်းမှပါ ပစ်ခတ်သည့် နည်းလမ်းကို တောက်လျှောက်သုံးနေသည်။
အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကျော်အတွင်း မီးလောင်းပျက်စီးသည့် ကျေးရွာများ၏ စာရင်းကို ပြုစုနေသည့် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် Data for Myanmar အဖွဲ့မှ အချက်အလက်များအရ ယခုနှစ် ဇူလိုင်လကုန်အထိ အိမ်ခြေ ၇၄၈၇၄ လုံး ပျက်စီးခဲ့ပြီး ပျက်စီးမှု၏ သုံးပုံနှစ်ပုံမှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)