သတင်း

နေပြည်တော်တွင် ပြည်ခိုင်ဖြိုးမဲဆွယ်ယာဉ်တန်းနှင့် ကျွဲကျောင်းသားများရန်ပွဲဖြစ်

နေပြည်တော်တွင် ယနေ့ (စက်တင်ဘာ ၁၆) ညနေပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနှင့် ကျွဲကျောင်းသားများ ရန်ပွဲဖြစ်ပွားခဲ့ပြီး အပြန်အလှန်အမှုဖွင့်ရန် ကြိုးပမ်းလျက်ရှိကြသည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ်တန်း နေပြည်တော်ဘူတာကြီးအနီး ဖြတ်သန်းစဉ် ညနေ ၅ နာရီဝန်းကျင်က လမ်းဘေးတွင် ကျွဲကျောင်းနေသည့် လူငယ်အချို့နှင့် ရန်ပွဲဖြစ်ပွားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်း၌ နှစ်ဖက်အပြန်အလှန် အမှုဖွင့်လျက်ရှိကြောင်း သိရသည်။

ကျွဲကျောင်းနေသည့် အသက် ၁၇ နှစ်အောက် လူငယ်လေးဦးတွင် ရွှေတိုးအမည်ရ NLD တီရှပ်ဝတ်ဆင်ထားသူ လူငယ်တစ်ဦးပါဝင်ခဲ့ပြီး ပြည်ခိုင်ဖြိုးယာဉ်တန်းဖြတ်သန်းစဉ် အပြန်အလှန်နောက်ပြောင်ရာမှတဆင့် ယာဉ်တန်းပေါ်မှလူများဆင်းလာပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေတိုး၏အဘိုးဖြစ်သူ ဦးကျော်ဝင်းက ပြောသည်။ 

“ကျွန်တော့်မြေးကလည်း NLD အင်္ကျီ ဝတ်ထားတယ်။ အဲဒါကို ဝိုင်းထိုးကြတယ်။ ကျွန်တော့်မြေး တံတောင်ဆစ်အထက်နားမှာ ပေါက်ပြဲသွားတယ်။ တစ်ယောက်က ခေါင်းထိခိုက်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးယာဉ်တန်းတွင်ပါဝင်သည့် ဆိုင်ကယ်သုံးစီး ဖြတ်သန်းနေချိန်တွင် ကျွဲကျောင်းနေသည့် အဖွဲ့မှ အော်ဟစ်ဆဲဆိုသဖြင့် အပြန်အလှန်စကားများပြီး ရန်ပွဲဖြစ်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပုဗ္ဗသီရိမြို့နယ်တာဝန်ခံဖြစ်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဒေါ်ယဉ်မင်းမြင့်ဆွေက Myanmar Now ကို အတည်ပြုသည်။

“သူတို့က လေးခွနဲ့ပစ်တယ်။ တစ်ယောက်(ပြည်ခိုင်ဖြိုး)က ရင်ဝမှန်တယ်။ အဲဒီအချိန်မှာ အနောက်က ပါလာတဲ့ (ယာဉ်တန်းပါ)ကားတွေက ရပ်လိုက်တယ်” ဟု ပြည်ခိုင်ဖြိုးယာဉ်တန်းပါ မျက်မြင်သက်သေများကို ကိုးကား၍ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။ 

ရန်ပွဲစတင်ဖြစ်ပွားပြီး ငါးမိနစ်ခန့်တွင် ကျွဲကျောင်းသားများဘက်မှ လူ ၂၀ မှ ၃၀ ခန့်သည် တုတ်ဓားကိုင်ဆောင်ရောက်ရှိလာပြီး ပြည်ခိုင်ဖြိုးယာဉ်တန်းကို ဝိုင်းဝန်းရိုက်နှက်ဖျက်ဆီးသဖြင့် လေးဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ ၁၅ ဦးခန့်မှာ သာမန်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“ကျွန်မတို့ (ပြည်ခိုင်ဖြိုး)ကတော့ မဲဆွယ်စည်းရုံးရေးထွက်လာတဲ့ ယာဉ်တန်းဖြစ်တဲ့အတွက် တုတ်တွေ၊ ဓားတွေလည်း မပါပါဘူး။ ပါစရာလည်းအကြောင်း မရှိဘူး။ လူအုပ်စုကြားမှာ ကျကျန်ခဲ့(ထွက်မပြေးနိုင်ခဲ့) တဲ့ တစ်ယောက်ဆိုလည်း ရဲတွေရောက်လာမှ ဆေးရုံပို့ရတယ်” ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရန်ပွဲအပြီး တာဝန်ရှိသူများလာရောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ- ပေးပို့)

ကျွဲကျောင်းသားရွှေတိုး၏အဘိုး ဦးကျော်ဝင်းကမူ ပြည်ခိုင်ဖြိုးယာဉ်တန်းက တုတ်များဖြင့် ဆင်း၍ ရိုက်နှက်ခြင်းဖြစ်ပြီး လူအုပ်အတွင်း ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သူ (ပြည်ခိုင်ဖြိုးယာဉ်တန်းပါသူ) မှာလည်း အရက်သေစာ သောက်စားထားသည်ဟု ပြောသည်။

လေးခွနှင့်ပစ်သည်ဆိုသော ပြည်ခိုင်ဖြိုးပါတီ၏ ပြောဆိုချက်အပေါ် “ကျွဲကျောင်းတာဆိုတော့ လေးခွပါတာပေါ့။ ရိုက်ခံရတော့ ပါတာနဲ့ ခုခံတာပေါ့” ဟု ဦးကျော်ဝင်းက တုံ့ပြန်သည်။

ပြည်ခိုင်ဖြိုးယာဉ်တန်းတွင် လူအင်အား ရာချီပါသည်ဟု ဦးကျော်ဝင်းက ခန့်မှန်းပြောဆိုသော်လည်း ဒေါ်ယဉ်မင်းမြင့်ဆွေကမူ ၎င်းတာဝန်ယူရာ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးမှထွက်ခွာချိန်တွင် လူ ၅၀ ခန့် သာဖြစ်သည်ဟုဆိုသည်။ 

သို့သော် အနီးအနားရွာများမှ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် လိုက်ပါဝန်းရံသည့် ပြည်သူအချို့ရှိနိုင်သည်ဟုလည်း ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရဲစခန်းမှ ရဲအုပ်သန်းဝေထံ Myanmar Now က မေးမြန်းသည့်အခါ အမှုဖွင့်လုပ်ငန်းစဉ်များဆောင်ရွက်နေဆဲဖြစ်၍ အသေးစိတ်မပြောဆိုနိုင်သေးကြောင်းဆိုသည်။

ယနေ့ည ၁၀ နာရီခန့်အချိန်ထိ ကျည်တောင်ကန်ရဲစခန်းတွင် အပြန်အလှန်အမှုဖွင့်သည့် လုပ်ငန်းများ မပြီးစီးသေးကြောင်းလည်း ကျွဲကျောင်းသားလူငယ်များ၏ မိသားစုဝင်များနှင့် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများက ပြောသည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် လူအင်အားပြ မဲဆွယ်စည်းရုံးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် ပါတီဝင်များကို ညွှန်ကြားထားကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အွန်လိုင်းမှတဆင့် ယနေ့ထုတ်ဖော်ပြောကြားထားသည်။ 

Show More

Related Articles

Back to top button