
ကိုဗစ်နိုင်တင်းကန့်သတ်မှုများ ချထားသည့်ဒေသသို့ နယ်မြေကျော်လွန် သွားလာခဲ့သည့် ပလက်ဝနေ အရပ်သား ၄၁ ဦးကို အရေးယူရန် ပြင်ဆင်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နှင့် မိုင် ၃၀ ကျော်ဝေးသော ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အရက်ဆီပုံးများ သွားရောက်သယ်ဆောင်၍ ပြန်လာသည့် စစ်ရှောင်နှင့် အရပ်သား ၄၁ ဦးကို ပလက်ဝမြို့အခြေစိုက် တပ်မတော်ခြေလျင်တပ်ရင်း ၂၈၉ က စက်တင်ဘာ ၉ ည ၈ နာရီခန့်တွင် ဖမ်းဆီးခဲ့သည်။
ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်ကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။
ထို့အတူ ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် ကျောက်တော်အပါအဝင် မြို့နယ်အားလုံးကို အသွားအလာကန့်သတ်ထားသည်။
ကပ်ရောဂါစည်းကမ်းချက်များနှင့် ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သည့်အတွက် တပ်မတော်က ဖမ်းဆီးခဲ့ကာ နှစ်ရက်ခန့် စစ်ဆေးမေးမြန်းပြီးနောက် ပလက်ဝမြို့နယ်အာဏာပိုင်အဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ ညမထွက်ရအမိန့်တို့နှင့် ငြိစွန်းနေသည့်အတွက် အရေးယူသွားရန် ပလက်ဝမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပြင်ဆင်နေပြီး လတ်တလောတွင် ၎င်းတို့ကို နေအိမ်တွင် Home Quarantine ထားကာ ကျန်းမာရေးစောင့်ကြည့်ထားသည်ဟု ၎င်းက ဆိုသည်။
“သတ်မှတ်ထားတဲ့အချိန်ကို ကျော်လွန်ပြီး ပုဒ်မ ၁၄၄ ကို ဖောက်ဖျက်တာ၊ နောက် ကိုဗစ်နဲ့ဆိုင်တဲ့ ဘေးအန္တရာယ်ဆိုင်ရာပုဒ်မနဲ့လည်း ငြိတာပေါ့။ ပုဒ်မနှစ်ခုလောက်နဲ့ ငြိတဲ့သဘောဖြစ်တာပေါ့” ဟု ဦးစိုးထက်က ပြောသည်။
၎င်းတို့ကို ဥပဒေအရ အရေးယူသွားရန်စီစဉ်နေသည်ဟု သိထားသော်လည်း မည်သည့်ပုဒ်မများနှင့် အရေးယူသွားမည်ကိုမူ အတိအကျ မသိသေးကြောင်း ၎င်းက ဆိုသည်။
ဖမ်းဆီးခံရသူများကို တပ်မတော်က ပလက်ဝမြို့နယ်အာဏာပိုင်အဖွဲ့သို့ အပ်နှံခဲ့ပြီး စက်တင်ဘာ ၁၂ မှစ၍ ၎င်းတို့ကို အရေးမယူမီ ကြားကာလတွင် ပလက်ဝမြို့ပေါ်၌ပင် တစ်ပတ်ကြာ အသွားအလာကန့်သတ်၍ ကျန်းမာရေးစောင့်ကြည့်သွားမည်ဟု ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လော့ဟာက ပြောသည်။
ပလက်ဝမြို့ပေါ်ရပ်ကွက်များတွင်နေထိုင်သူများကို ၎င်းတို့၏ နေအိမ်များတွင်ပင် နေထိုင်စေပြီး စစ်ရှောင်စခန်းနေသူများကို မြို့မရပ်ကွက်ရှိ မူလတန်းကျောင်းတွင် နေထိုင်မှုကန့်သတ်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ရှောင်စခန်းနေ ဖမ်းဆီးခံရသူများမှာ ကျောက်တော်သို့ အထမ်းလိုက်သွားခဲ့ခြင်းဖြစ်သည်ဟု ပလက်ဝစစ်ရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် ချင်းစစ်ဘေးရှောင်ပြည်သူများအရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှ မိုင်နန်းဝေက ပြောသည်။
ပလက်ဝမြို့နှင့် ကျောက်တော်မြို့နယ်ကြား သွားလာမှုကို တပ်မတော်က ကန့်သတ်ထားသလို စစ်ဖြစ်ပွားရာဒေသ ဖြစ်သည့်အတွက် စားနပ်ရိက္ခာများ လျော့နည်းနေပြီး ကုန်စျေးနှုန်းလည်းကြီးကြောင်း၊ ပလက်ဝနှင့်ကပ်လျက်မြို့ ဆမီးသို့ သွားသည့်လမ်းမှာလည်း လုံခြုံရေးအရ စိတ်မချရကြောင်း၊ ထို့ကြောင့် လမ်းကြောင်းများ ပြတ်တောက်နေပြီး ဆန်၊ဆီ၊စား စသည့် အခြေခံကုန်စျေးနှုန်းများလည်း မြင့်တက်နေသည်ဟု မိုင်နန်းဝေက ဆိုသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပလက်ဝမြို့စစ်ရှောင်များအတွက် စားနပ်ရိက္ခာများထောက်ပံ့ကူညီနေသော်လည်း မိသားစု နေ့စဉ်အသုံးစရိတ်အတွက် ငွေကြေးလိုအပ်သဖြင့် ဝင်ငွေရရန် လိုက်သွားခဲ့ခြင်းဖြစ်ကြောင်း မိုင်နန်းဝေက ဆိုသည်။
“သူတို့သွားတာကလည်း အပြစ်တော့မရှိပါဘူး။ စားစရာမှမရှိတာကိုး။ ကိုဗစ်ကိုလည်း ကြောက်မနေအားတော့ဘဲ သွားတော့ အခုလိုတွေ ဖြစ်ကုန်တာပေါ့” ဟု မိုင်နန်းဝေက ပြောသည်။
၎င်းတို့ကို ဖမ်းဆီးထားစဉ် တပ်မတော်က ရိုက်နှက် နှိပ်စက်မှုများရှိသည်ဟု စွပ်စွဲမှုများရှိသော်လည်း ကာယကံရှင်များနှင့် တိုက်ရိုက်ဆက်သွယ်၍ မရသေးသည့်အတွက် အတိအကျမပြောနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေတွင် မတူသော ပြစ်မှုများအတွက် အနိမ့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် တစ်လမှ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သလို ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ချိုးဖောက်ပါက ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် ၃ လအထိ အရေးယူနိုင်သည်။