သတင်း

ကိုဗစ်လူနာအများဆုံးလက်ခံထားရာ ဖောင်ကြီးတွင် နေရာမလုံမလောက်ဖြစ်နေ 

ကိုဗစ်နိုင်တင်း (Covid-19) လူနာအများဆုံးလက်ခံထားရှိရာ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီးဆေးရုံ (Covid-19 ကုသရေးဌာန (ဖောင်ကြီး) တွင် နေရာမလုံလောက်တော့သဖြင့် လူနာဆောင်များ တိုးချဲ့လျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။

“အဆောင် ခုနစ် (၇) ဆောင်ပြည့်သွားပါပြီ။ လက်ရှိအခြေအနေမှာ လူနာတွေက ပိုပိုပြီးတော့ များလာတယ်။ နိုင်နိုင်နင်းနင်းတော့ ကုနိုင်တဲ့အနေအထားတော့ရှိပါတယ်။ လူနာကတော့ အရေအတွက်အားဖြင့် ၇၀၀ ကျော်သွားပါပြီ” ဟု ဖောင်ကြီးဆေးရုံအုပ် ဒေါက်တာကိုကိုနိုင်က ယနေ့ (စက်တင်ဘာ ၁၃) နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။ 

အတည်ပြုလူနာတိုင်းကို ဝေဘာဂီ၊ တောင်ဥက္ကလာပနှင့် ဖောင်ကြီးသို့ သုံးသုတ်ခွဲပြီး ပို့ဆောင်ပေးလျက်ရှိပြီး ဖောင်ကြီးဆေးရုံသို့ အများဆုံးပို့ဆောင်ပေးနေသည်ဟုလည်း ၎င်းက ပြောသည်။

ဖောင်ကြီးကိုဗစ်နိုင်တင်းကုသရေးဌာနသို့ စက်တင်ဘာ ၂ တွင် လူနာများ စတင်ပို့ဆောင်ခဲ့ကာ ၁၀ ရက်ခန့်အတွင်း ၇၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။

“လူနာတွေက တောက်လျှောက်ဝင်နေပါတယ်။ တစ်နေ့ပျမ်းမျှ ၁၀၀ လောက် ရောက်နေပါတယ်။ လောလောဆယ် ကျန်းမာရေးဝန်ထမ်း အကူအညီတွေ လာနေပါတယ်။ အခုဒီမှာ တောက်လျှောက် ထပ်ပြီးတော့ နေရာတွေ ချဲ့ပြီးလုပ်နေပါတယ်” ဟုလည်း ဒေါက်တာကိုကိုနိုင်က ပြောသည်။ 

လက်ရှိတွင် ဖောင်ကြီးဆေးရုံ၌ ကိုဗစ်နိုင်တင်းလူနာများ ထားရှိရန် နေရာမလုံလောက်သည့်အတွက် ဆေးရုံဝင်းအတွင်းရှိ သီးခြားအဆောင်များ၌ပါ ထားရှိနိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရသည်ဟု ဖောင်ကြီးသို့ နေ့စဉ်အတည်ပြုလူနာများ တာဝန်ယူပို့ဆောင်ပေးနေရသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်တိုင်း) ဥက္ကဋ္ဌ ဦးစိုးသန်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းကျရောက်နေပြီး နေ့စဉ်ပိုးတွေ့အတည်ပြုလူနာအရေအတွက် တစ်ဟုန်ထိုးမြင့်တက်နေဆဲဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့နံနက်ပိုင်းထုတ်ပြန်ချက်ချက်အရ ယမန်နေ့ (စက်တင်ဘာ ၁၂) တစ်ရက်တည်း၌ပင် ဓာတ်ခွဲနမူနာ ၄,၁၂၀ စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ်ပေါင်း ၃၅၁ တစ်ဦးအထိ တွေ့ရှိခဲ့သည်။

ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတည်ပြုလူနာပေါင်း ၂,၇၉၆ ဦးနှင့် သေဆုံးသူ ၁၆ ဦးရှိပြီး ဩဂုတ် ၁၆ ရက်နောက်ပိုင်း နေ့စဉ် အတည်ပြုလူနာအရေအတွက် မြင့်တက်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ပထမဆုံးအတည်ပြုလူနာနှစ်ဦးကို မတ်လ ၂၃ ရက်တွင် တွေ့ရှိခဲ့ပြီး ထိုအချိန်မှ ဩဂုတ်လလယ်ပိုင်းအထိ တွေ့ရှိခဲ့သော အတည်ပြုလူနာအရေအတွက်မှာ ၃၀၀ ကျော်သာ ရှိခဲ့သည်။ 

လက်ရှိတွင် အတည်ပြုလူနာအရေအတွက် အများဆုံးတွေ့ရှိရသည်မှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ယနေ့အထိ လူနာ ၁၃၀၀ ကျော်ရှိသည်။

နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် စက်တင်ဘာ ၁၁ ရက်ကျင်းပခဲ့သည့် Covid-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးတွင် ဖောင်ကြီးဆေးရုံတွင် လူနာဆောင်များတိုးချဲ့ရေးနှင့် ရန်ကုန်မြို့ သုဝဏ္ဏရှိ မြန်မာနိုင်ငံဘောလုံးအကယ်ဒမီနေရာတွင် ယာယီဆေးရုံ (Hospital Tent) များပြုလုပ်ရန် ဆွေးနွေးခဲ့သည်။ 

ကျန်းမာရေးဝန်ထမ်းများ ခြေကုန်လက်ပန်းကျပါက ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ပြိုလဲသွားနိုင်သည့်အတွက် ဝန်ကြီးဌာနရှိ တက္ကသိုလ် ၁၆ ခုမှ ဆရာ၊ ဆရာမများကို အလှည့်ကျတာဝန်ချထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ၈ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအချိန်တွင် ကြိုတင်ခန့်မှန်းတွက်ဆထားသည့်အတိုင်း ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပေါ်လာကာ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်ဟု ဆိုသည်။

ဆေးရုံများတွင် ရောဂါအတည်ပြုလူနာနှင့် သံသယလူနာများ အလွန်များပြားလျက်ရှိသည်ဟုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button