
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စိုက်ထူထားသည့် စည်းရုံးရေးပိုစတာဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရသည်။
ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ရွာရှိ နေအိမ်တစ်လုံးရှေ့တွင် စိုက်ထူထားသည့် ပိုစတာဆိုင်းဘုတ် ဖျက်ဆီးခံရကြောင်း ယနေ့ (စက်တင်ဘာ ၁၁) နံနက်ပိုင်းတွင် သိရှိခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ အမှုဖွင့်သွားမည်ဟု NLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောသည်။
“ဆိုင်းဘုတ်က ပုံထဲမှာပါတဲ့အတိုင်းပဲ ဓားထက်ထက်နဲ့ ဖြတ်ထားတာတွေ့တယ်။ အခုကတော့ ကျနော်တို့က ဥပဒေဘောင်ထဲကနေပြီးတော့ ပြန်တရားစွဲမယ်။ ဒါက ရဲအရေးပိုင်တယ်ဆိုတဲ့အတွက် အမှုဖွင့်ပြီးဆောင်ရွက်မယ်။ ၈ ရက်နေ့က ပထမထောင်ဖို့လုပ်တော့ ရွာက ရာအိမ်မှူးတစ်ယောက်နဲ့ နောက်တစ်ယောက်က လာတားတယ်လို့ပြောတယ်” ဟု အဆိုပါမဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမောင်မောင်ဆွေက ပြောသည်။
အဆိုပါကျေးရွာတွင် NLD ပါတီစည်းရုံးရေး ပိုစတာဆိုင်းဘုတ်ထောင်ရန် စီစဉ်ခဲ့စဉ်က ဦးကြည်လွင်ဆိုသူနှင့် ဦးမောင်ဆန်းမြင့်ဆိုသူက ရွာကွဲမည်စိုးသောကြောင့် (ရွာရှိ USDP နှင့် NLD ထောက်ခံသူများအကြား သဘောထားကွဲလွဲခြင်း) လာရောက်တားဆီးခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ကြောင့် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာရှိ ဦးဇော်ဝင်း၏ အိမ်ရှေ့တွင် စက်တင်ဘာ ၈ ရက်တွင် ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။
NLD ပါတီ ဆိုင်းဘုတ်စိုက်ထူထားသည့် အိမ်ရှင် ဦးဇော်ဝင်းကလည်း အိမ်ခြေ ၁၇၀ ခန့်ရှိ ၎င်းတို့ရွာတွင် NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူအရေအတွက် ထက်ဝက်စီခန့်ရှိပြီး ယခုဖြစ်စဉ်မျိုး တစ်ခါမျှ မရှိခဲ့ဘူးကြောင်း ဆိုသည်။
“ဘယ်ချိန်မှာသိတုန်းဆိုတော့ မနက်ခင်းမိုးလင်းပေါ့နော်။ ၈ နာရီဝန်းကျင်လောက်မှာ အိပ်ရာထတဲ့ အချိန်မှ အဲ့ဖြစ်စဉ်ကို သိခဲ့ရတယ်။ ကျနော်တို့ရွာကတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် ယခင်ယခင်တုန်းကလည်း ဒါမျိုး မဖြစ်ခဲ့ဖူးဘူးဗျ” ဟု ဦးဇော်ဝင်းက ပြောသည်။
NLD ပါတီဆိုင်းဘုတ် အဖျက်ခံရသည့်ကိစ္စမှာ ရွေးကောက်ပွဲကော်မရှင်နှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်နေသူများ၏ ကိစ္စသာဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က ပြောသည်။
“ကျွန်မတို့ သိလည်းမသိဘူးရှင့်။ နောက်ပြီးတော့ အဖျက်ခံရတယ်ဆိုတာ တစ်ဖက်ပါတီ သူတို့ကိစ္စပဲလေ။ နောက်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ကိစ္စ၊ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်နေသူတွေရဲ့ကိစ္စပဲလေ။ ကျွန်မတို့ပါတီအနေနဲ့ကတော့ ဘာမှ သဘောထားမှတ်ချက် ပေးစရာ မရှိပါဘူး။ ဒါမျိုး ဥပဒေမဲ့လုပ်ရပ်မျိုးကိုတော့ ဘယ်သူပဲလုပ်လုပ် လက်မခံပါဘူး။ ဘယ်သူကပဲလုပ်လုပ်၊ ဘယ်ပါတီကပဲလုပ်လုပ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
အဆိုပါဖြစ်စဉ်သည် ရဲအရေးပိုင်သည့် အမှုဖြစ်သည့်အတွက် အမှုဖွင့်ခွင့်ရှိကြောင်း ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့တစ်ဦးဖြစ်သူ ဦးမိုးဇော်က ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ မည်သူမဆို လူပုဂ္ဂိုလ်တစ်ဦးဦး၏ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ အဆိုပါမဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် NLD ပါတီမှ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာမိုးဆွေ ဝင်ပြိုင်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁၂) အတွင်းပါရှိသည့် အဆိုပါနယ်မြေတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီမှ ဦးမောင်မောင်ဆွေနှင့် ပြည်ခိုင်ဖြိုးပါတီမှ ဦးခင်မောင်ဌေး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
NLD ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရသည့် ကြို့ပင်ရွာပါဝင်သည့် ဇေယျာသီရိမြို့နယ်သည် နေပြည်တော်တွင် တပ်မတော်မိသားစုဝင်အများဆုံးရှိရာ မြို့နယ်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားသည်။
အာဏာရ NLD ပါတီက ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် လူစုလူဝေးဖြင့် မဲဆွယ်လှုပ်ရှားနေမှုများဖြစ်ပေါ်ခဲ့သည်ဟုစွပ်စွဲထားပြီး၊ ချမှတ်ထားသည့် ကိုဗစ်ကာလ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိမရှိ အာဏာပိုင်များထံ စာပို့မေးမြန်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၉ ရက်က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် အောင်နိုင်ရေးအလံတင်အခမ်းအနားအပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားခဲ့သည်။