ရွေးကောက်ပွဲ

ပလက်ဝမှ ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများ လုံခြုံရေးစိုးရိမ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားနေသည့်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန် လုံခြံရေးအရ စိုးရိမ်ရသည်ဟု ပလက်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့က ပြောသည်။ 

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) ၏ မကြာခဏ ပစ်ခတ်မှုများကြောင့် လုံခြုံရေးအရ ကန့်သတ်ချက်များရှိနေသည်ဟု ပလက်ဝမြို့နယ်မှ ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ဦးဘူးထန်ပိုင်က ယနေ့ (စက်တင်ဘာ ၁၀) တွင် ပြောသည်။ 

“အခြေအနေကြည့်ပြီးသွားရမယ့် အနေအထားမျိုးမှာရှိတယ်။ လွတ်လွတ်လပ်လပ်၊ စိတ်ချလက်ချသွားလို့ လာလို့တော့ ရမှာမဟုတ်ဘူး။ လုံခြုံမှုမရှိဘူးလို့ ခံစားနေရတယ်” ဟု ၎င်းက ပြောသည်။ 

ဦးဘူးထန်ပိုင်သည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီကိုယ်စားပြုကာ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၈ မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နယ်မြေမငြိမ်းချမ်းသည့်အပြင် ပလက်ဝမြို့နှင့် ဆက်သွယ်ထားသည့် ကျေးရွာအများစုသွားရာလမ်းကြောင်းများကိုလည်း တပ်မတော်က လုံခြုံရေးအရ ပိတ်ဆို့ထားရာ ကျေးရွာများသို့ မဲဆွယ်စည်းရုံးရေးဆင်းရန် အကန့်အသတ်ဖြစ်နေသည်ဟု ကိုယ်စားလှယ်လောင်းများက ပြောသည်။ 

သို့သော် နယ်မြေလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲလုပ်ခြင်းမလုပ်ခြင်းက ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရအဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားပြု ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဆလိုင်းမျိုးထိုက်က ပြောသည်။

“၂၀၁၅ နဲ့ မတူဘူးဆိုတာက တချို့နေရာတွေမှာ လုံးဝကိုမသွားနိုင်တဲ့ အပိုင်းတွေရှိနိုင်တယ်ခဗျ၊ ဒါပေမဲ့ အဲဒီနေရာမှာ လုံခြုံရေးအရ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်လိုမျိုး လမ်းဖွင့်ပေးမလဲဆိုတာကိုတော့ ပြောလို့မရဘူး” ဟု ၎င်းက ပြောသည်။ 

ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်နှင့် အစိုးရအဖွဲ့ဝင်အချို့လိုက်ပါလာသည့် စက်လှေသည် ပလက်ဝမြို့နယ်တွင် စက်တင်ဘာ ၉ က ပစ်ခတ်ခံခဲ့ရသည်။  

၎င်းတို့စီးနင်းလိုက်ပါလာသော စက်လှေကို AA က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်က ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရာ ကုလားတန်မြစ်ကြောင်းအတွင်း မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုလည်း ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က Myanmar Now ကို ပြောကြားခဲ့သည်။ 

နယ်မြေမငြိမ်းချမ်းသော်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ပလက်ဝဒေသခံများက မျှောင်လင့်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစိုးထက်က ပြောသည်။ 

“ဒါကလည်း သူတို့(AA အဖွဲ့) ထုတ်ပြန်ထားတဲ့အတိုင်းဆိုရင်တော့ ရွေးကောက်ပွဲကို မနှောင့်ယှက်ဘူးလို့  အကြမ်းဖျင်းတော့ သိထားတာပေါ့လေ။ သူတို့ကတိအတိုင်းတည်ရင်တော့လည်း အဆင်ပြေသွားမှာပါ” ဟု ၎င်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်တွင် ခူမီး(ခမီး) အမျိုးသားပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့  ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ၆ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ တွင် ကိုယ်စားလှယ်လောင်း ၆ ဦးနှင့် ပြည်နယ်လွှတ်တော်နှစ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

လွတ်လပ်ပြီးတရားမျှတ‌သော ရွေးကောက်ပွဲကျင်းပနိုင်ရေး မျှော်လင့်ကြောင်း AA နှင့် ၎င်း၏မဟာမိတ်များ ဖြစ်သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့က ဇူလိုင် ၂၁ တွင် ထုတ်ပြန်ခဲ့သည်။ 

ထို့အပြင် စက်တင်ဘာ ၁ ရက်မှာ နိုဝင်ဘာ ၉ ရက်နေ့အထိ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ထိုမဟာမိတ်သုံးဖွဲ့က ကြေညာထားသလို တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့များရှိသည့် နေရာများမှအပ တစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ အပစ်ရပ်မည်ဟု ကြေညာထားသည်။

သို့သော် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တွင် လှုပ်ရှားနေခြင်းဖြစ်ပြီး ထိုနေရာများတွင် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။  

ပြီးခဲ့သည့် ဧပြီလအတွင်းက ပလက်ဝမြို့နှင့် ကျောက်တော်မြို့နယ်အကြားတွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး နန်းချောင်းဝရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့သည်။

ချင်းစစ်ဘေးရှောင်ပြည်သူများအရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) ၏ နောက်ဆုံးရအချက်အလက်များအရ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် သေဆုံးသူအရပ်သား ၄၀ ကျော်၊ ဖမ်းဆီးခံရသူ ၁၂ ဦး၊ ပျောက်ဆုံးသူ ၂၀ ကျော်နှင့် နေအိမ်ပေါင်း ၁၀၀ ကျော်မီးလောင်ခဲ့သည်။ 

လူဦးရေ တစ်သိန်းကျော်ရှိ ပလက်ဝမြို့နယ်တွင် စစ်ရှောင်အရေအတွက် ၁၁,၀၀၀ နှင့် စစ်ဘေးသင့်သူ အရေအတွက်မှာ ၂၀,၀၀၀ မှ ၆၀,၀၀၀ အထိရှိနေသည်။ 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကောက်ပွဲကျင်းပနိုင်ရေးတွက် တိုက်ပွဲများရပ်တန့်ပေးရန် လိုအပ်ကြောင်း ခူးမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က စက်တင်ဘာ ၇ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

Show More

Related Articles

Back to top button