သတင်း

ရှမ်းမြောက်ရှေ့တန်းရောက် စစ်သားများအတွက် စစ်ကောင်စီအလှူခံနေ

ညီနောင် ၃ ဖွဲ့ ဦးဆောင်သည့် စစ်ဆင််ရေးကြောင့် အရေးမလှဖြစ်နေချိန် စစ်ကောင်စီနှင့် နီးစပ်လိုသော လုပ်ငန်းရှင်များက ရှေ့တန်းရောက်တပ်များအတွက် အလှူငွေပေးနေကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခု၏ ပူးပေါင်းစစ်ဆင်ရေးကြောင့် အရေးမလှဖြစ်နေချိန် ရှေ့တန်းရောက်စစ်သားများအတွက် စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ အလှူခံနေသည်ကို တွေ့ရသည်။

ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ ယခုလ ၂၇ ရက်နေ့က စတင်ခဲ့သော “၁၀၂၇” စစ်ဆင်ရေးနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားတွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေသည်မှာ သီတင်းတစ်ပတ်ပြည့်ပြီဖြစ်သည်။​

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တိုက်ပွဲဝင်နေသော ရှေ့တန်းရောက်စစ်သားများအတွက် ရန်ကုန်နှင့် မန္တလေးမြို့တွင် အလှူငွေလက်ခံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး လုပ်ငန်းရှင်စုစုပေါင်း ၆၀ က ကျပ်သိန်း ၈၀၀၀ ကျော် လှူသည်ဟု ဆိုသည်။

ရန်ကုန်တွင် စီးပွားရေးလုပ်ငန်းရှင် ၁၈ ဦးက ငွေကျပ် ၄၃၇၅ သိန်း၊ မန္တလေးတွင် လုပ်ငန်းရှင် ၄၂ ဦးက ကျပ်သိန်း ၃၇၅၅ ကို ဂုဏ်ပြုချီးမြှင့်ငွေအဖြစ် ပေးအပ်ကြောင်း၊ ယမန်နေ့ (နိုဝင်ဘာ ၁) တွင် သက်ဆိုင်ရာ စစ်တိုင်းမှူးများက အခမ်းအနားဖြင့် လက်ခံရယူကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ငွေလှူခဲ့သူများတွင် နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ စက်သုံးဆီအသင်း အတွင်းရေးမှူး၊ မြတ်မေတ္တာမွန်စက်သုံးဆီလုပ်ငန်းပိုင်ရှင် ဦးဝင်းမြင့်၊ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သည့် Omini Focus ဘတ်စကားကုမ္ပဏီပိုင်ရှင် ဦးကျော်နေဝင်းတို့ ပါဝင်သည်ကို တွေ့ရသည်။

ထို့ပြင် ရန်ကုန်မြို့၊ ကမာရွတ်နှင့် ပန်းပဲတန်းမြို့နယ်တို့တွင် စိန်တိုက်ဖွင့်လှစ်ထားကာ နာမည်ကြီးသရုပ်ဆောင်များဖြင့် အဆက်မပြတ်ကြော်ငြာနေသည့် Lucky Diamonds Myanmar စိန်ဆိုင်ပိုင်ရှင် ဦးဝင်းသန်းဆိုသူလည်း ပါဝင်သည်။

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ပြုလုပ်ခဲ့သော လှူဒါန်းပွဲတွင် စစ်ကောင်စီအဖွဲ့ဝင်ဟောင်းနှင့် မန်းတိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဦးမောင်ကို၊ စစ်အစိုးရခေတ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်ဟောင်းတစ်ဦး၏ သားနှင့် အခြားလုပ်ငန်းရှင်များ ပါဝင်သည်ကို တွေ့ရသည်။

နေ့စဉ်ရက်ဆက် စစ်စခန်းများ ဆုံးရှုံးနေသည့် ရှမ်းမြောက်တိုက်ပွဲများ ဖြစ်နေစဉ် စစ်ကောင်စီက ပြုလုပ်သည့် ပထမဆုံးအကြိမ်အလှူခံပွဲတွင် အခြားနာမည်ကြီးလုပ်ငန်းရှင်ကြီးများ ပါဝင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်ကို ငွေကြေးထောက်ပံ့နေခြင်းမှာ စီးပွားရေးလုပ်ပိုင်ခွင့်အတွက် မျက်နှာလိုမျက်နှာရလုပ်ခြင်းသာဖြစ်သည်ဟု မန္တလေးမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ဝေဖန်သည်။

“သာမန်သူဌေးတွေပဲ ဖြစ်မှာပါ။ မြေကွက်တို့ လုပ်ကွက်တို့ ရလို့ ပြန်လှူတာ ဖြစ်မှာပေါ့။ တစ်ခုခုရလို့ လှူတာလေ။ သူတို့က ဘယ်စိတ်ပူမလဲ။ တက်တဲ့ အစိုးရ လိုက်ဖားမှာပဲ။ အလုပ်ဖြစ်ဖို့ အရေးကြီးတယ်” ဟု သူက ပြောသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် အရောင်းအဝယ်လိုင်စင်ချပေးခြင်းကြောင့် ဆေးရုံများကို ငွေကျပ်သိန်းဆယ်ချီ လှူခိုင်းသည့် သာဓကများရှိခဲ့ဖူးကြောင်းလည်း လုပ်ငန်းရှင်အမျိုးသမီးက ဆိုသည်။ လက်ရှိကာလတွင်လည်း လုပ်ပိုင်ခွင့်ရ စစ်ဗိုလ်ချုပ်များက ငွေပေးလျှင် မြေကွက်များချပေးမည်ဆိုကာ တိတ်တဆိတ်ညှိနှိုင်းမှုများရှိနေသည်ဟု သိရသည်။

နေပြည်တော်၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်သော ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံးဟု ကြွေးကြော်ထားသော ကျောက်ဆစ်ရုပ်ပွားတော်အတွက် ယခုနှစ် ဇွန် ၂၉ ရက်တွင် ထိတ်ထိတ်ကြဲ ခရိုနီသူဌေးကြီးများက ငွေကျပ် ၁၆ ဘီလျံကျော်အထိ လှူဒါန်းခဲ့ကြသည်။

ထိပ်ဆုံးအလှူရှင်သုံးဦးအနေဖြင့် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်းပေါင်း နှစ်သောင်းကျော်၊ ဝေမာကုမ္ပဏီပိုင်ရှင် ဦးကျေးက ကျပ်သိန်းနှစ်သောင်း၊ ဧဒင်ကုမ္ပဏီအုပ်စုမှ ဦးဝဏ္ဏခိုင်က ကျပ်သိန်းတစ်သောင်းငါးထောင် လှူဒါန်းသည်။

မြန်မာနိုင်ငံမှ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor ထွက်ခွာသွားပြီးနောက် ထိုဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်၊ Asia World ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်တို့ အပါအဝင် ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်း ဦးအောင်သောင်း၏ သားသမီးများဖြစ်ကြသော လက်ရှိရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ညီဖြစ်သူ UAB ပိုင်ရှင် ဦးနေအောင်နှင့် ညီမများက ကျပ်သိန်း ၅၀၀၀ ကျော်စီဖြင့် ဒုတိယအများဆုံး အလှူငွေထည့်သူများဖြစ်ကြသည်။

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး၊ နယ်မြေစိုးမိုးထိန်းချုပ်ရေး၊ မိမိကိုယ်ကိုယ်ကာကွယ်ခုခံပိုင်ခွင့်နှင့် အွန်လိုင်းလိမ်လည်မှုများကို ချေမှုန်းရန် စစ်ကောင်စီကို စစ်ကြေညာလိုက်သည့် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ပြည်သူလူထုနှင့် နိုင်ငံရေးအင်အားစုအသီးသီးက ထောက်ခံကြိုဆိုကြသည်။

ပြည်သူလူထုက တော်လှန်ရေးဘက်၊ ဓမ္မဘက်တွင် ပုံအောရပ်တည်နေကြချိန် ခေတ်ပျက်သူဌေးများ၏ ရပ်တည်မှုကို တော်လှန်ရေးအလွန်ကာလတွင် ပြန်လည်ဆန်းစစ်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button