သတင်း

ရှမ်းမြောက်တိုက်ပွဲများတွင် ကလေးများအပါအဝင် ဒေသခံ ၇ ဦး သေဆုံး

လက်နက်ကြီးကျည်စကြောင့် နမ့်ခမ်းမြို့အထွက်မှ ၁၂ နှစ်သမီးနှင့် ၈ နှစ်သား မောင်နှမနှစ်ဦး၊ ကွတ်ခိုင်မြို့မှ အလုပ်ဆင်းချိန် အိမ်ပြန်သည့် လူငယ်များ သေဆုံးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ၅ ရက်တာ တိုက်ပွဲများအတွင်း နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံ ၇ ဦး သေဆုံးသွားသည်ဟု သိရသည်။

အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာရွာ၏ တောင်ဘက် ၉ မိုင်ခန့် အကွာရှိ နမ့်ခိုင်တံတား တပ်စခန်းကို TNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီတပ်စခန်းက တိုက်ပွဲနေရာကို လက်နက်ကြီးပစ်ကူပေးခဲ့သည်။ ညနေ ၅ နာရီခန့်တွင် နမ့်ဖတ်ကာတိုက်နယ် ရပ်ကွက် ၂ အနီးရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှ ဈေးဆိုင်တန်းအနီးတွင် လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

နမ့်ဖတ်ကာရွာမှ အသက် ၂၆ နှစ်အရွယ် ကိုဝေဠုကျော်(ခ)ဖိုးသားမှာ ရင်ဘတ်ကို လက်နက်ကြီးကျည်စ ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

၁၈ နှစ်အရွယ် ကိုဇွဲညီညီအောင်မှာ ရင်ဘတ်နှင့် ပေါင်၊ ၁၉ နှစ်အရွယ် မအိသက်မွန်မှာ ဘယ်ဘက်ပေါင်တွင် ဒဏ်ရာရရှိခဲ့ကာ နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံသို့ ရောက်ပြီးနောက် ဒဏ်ရာရသူနှစ်ဦးလုံး သေဆုံးသွားခဲ့သည်ဟု နမ့်ဖတ်ကာဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားက ပြောသည်။

“ကောင်မလေးက အကင်တို့ မာလာသုတ်တို့ ရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်ပြီးတော့ ဆိုင်ပိတ်ပြီးတော့ ပြန်တာ။ ဇွဲညီညီအောင်က ကွမ်းဝယ်နေတဲ့အချိန်၊ နောက်ကောင်လေးတစ်ယောက်ကတော့ ထီဆိုင်မှာ လုပ်ပြီး အိမ်ပြန်တဲ့အချိန်မှာ ထိတာ” ဟု ထိုအမျိုးသားက ပြောသည်။

သေဆုံးသူ ကိုဇွဲညီညီအောင်မှာ နန့်ဖတ်ကာအခြေစိုက် မေတ္တာရှင် လူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးဖြစ်သည်ဟု သေဆုံးသူများကို ကူညီပေးနေသည့် မေတ္တာရှင် လူမှုကူညီရေးအသင်းက အတည်ပြုသည်။

အောက်တိုဘာ ၂၇ ရက် နမ့်ခမ်းမြို့နှင့် နမ့်ဖတ်ကာရွာကြားရှိ ၁၃ မိုင်စခန်းကုန်းနှင့် မိုက်ခရိုဝေ့စခန်းတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီးပစ်ကူပေးခဲ့သည်။

ထိုနေ့နံနက် ၇ နာရီခွဲခန့်တွင် နမ့်ဖတ်ကာရွာအတွင်း လက်နက်ကြီးကျရောက်သောကြောင့် ၇ နှစ်အရွယ် ကလေးတစ်ဦးနှင့် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးပြီး ၅ ဦး ဒဏ်ရာရသည်။

တစ်နေ့တည်းတွင်ပင် နမ့်ခမ်းမြို့အထွက် စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းအပြင် ဈေးဆိုင်အနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် မောင်နှမနှစ်ဦးဖြစ်သည့် ၁၂ နှစ်သမီးနှင့် ၈ နှစ်သားတို့ သေဆုံးခဲ့သည်။

ရပ်ကွက်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကို မည်သည့်အဖွဲ့ကမျှ ၎င်းတို့အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ကြခြင်းမရှိဟု ဒေသခံတစ်ဦးက ပြောသည်။

“အရပ်သားတွေက ဘယ်ပြေးရမှန်း မသိဘူးဖြစ်တယ်၊ အပြင်ထွက်ပြေးရင် ကျည်မှန်မယ်၊ ကိုယ့်အိမ်ထဲကိုယ်နေရင်တောင်မှ လက်နက်ကြီးကျမှာ၊ လက်နက်ကြီးကလည်း ဘယ်တုန်းကမှ ပိုင်ရှင်က မပေါ်ခဲ့ဘူး” ဟု မဟာမိတ်ရှမ်းလူငယ်များအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ရှမ်းမြောက်ဒေသ တိုက်ပွဲများပြင်းထန်နေစဉ် ကားလမ်းများပိတ်ထားခြင်းကြောင့် ဒေသခံတို့၏ ကျန်းမာရေးအတွက် ဆေးဝါးကုသခွင့်နှင့် လုံခြုံရေးအတွက်လည်း စိုးရိမ်ရသည်ဟုလည်း ထိုသူက ပြောသည်။

“လမ်းတွေက ပိတ်ထားတယ်၊ ဒီဘက်က ဆိုရင် ဂုတ်တွင်းကို သွားလို့မရဘူး၊ သိန္နီဆိုရင်လည်း လားရှိုးကနေ သွားလို့မရဘူး ပိတ်ထားတယ်၊ လားရှိုးအဝင်ဆိုရင်လည်း ထောက်ခံစာတွေ ဘာတွေ စစ်တယ်၊ ပြောချင်တာက တစ်မြို့နဲ့ တစ်မြို့ အလွယ်တကူသွားလို့မရဘူး” ဟု သူက ဆက်ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနိုင်းရေးရုံး (UNOCHA) ၏ အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း တိုက်ပွဲဒေသ အရပ်သားသေဆုံးသူများအပြင် ဒဏ်ရာရသူအများအပြားလည်း ရှိနေသည်၊ သေဆုံးဒဏ်ရာရသူများသည် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လာရှိုးနှင့် နမ့်ခမ်းမြို့များမှ ဖြစ်သည်ဟု ဖော်ပြထားသည်။

ပြင်းထန်သည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၂၀,၀၀၀ ကျော် ရှိလာပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များနှင့် မြို့ခံများက ပြောသည်။

Myanmar Now က ကောက်ယူရရှိထားသည့် စာရင်းများအရ စစ်ပွဲကြောင့် ထွက်ပြေးနေကြရသူ နှစ်သောင်းကျော် ရှိလာပြီး ထက်ဝက်ခန့်မှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ UWSA ထိန်းချုပ်ရာနယ်မြေသို့ ရောက်ရှိနေကြသည်။

စစ်ရှောင်များသည် လားရှိုးတွင် ၆၅၀၀ ကျော်၊ သိန္နီတွင် ၅၀၀၀ ကျော်၊ နောင်ချိုနှင့် မုံတုံတွင် ၁၀၀၀ ကျော်၊ ကွတ်ခိုင်နှင့် မုံးကိုးတို့တွင် ၅၀၀ ကျော်စီ ရှိလာကြောင်း ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ တောတွင်း၌ ပိတ်မိနေသည့် စစ်ဘေးရှောင်များလည်း ရှိနေပြီး အရေအတွက် ထပ်တိုးလာဖွယ်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟု နာမည်ကျော်သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA, တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က ၁၀၂၇ အမည်ဖြင့် စစ်ဆင်ရေးလုပ်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တို့ကို တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button