သတင်း

ရှမ်းမြောက်တိုက်ပွဲကြားက အရပ်သား နှစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းက ပြင်းထန်သည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ နှစ်သောင်းကျော် ရှိလာပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များနှင့် မြို့ခံများက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ပြင်းထန်သည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ နှစ်သောင်းကျော် ရှိလာပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များနှင့် မြို့ခံများက ဆိုသည်။

ဒေသတွင်းကယ်ဆယ်ရေးစခန်းများမှတစ်ဆင့် Myanmar Now က ကောက်ယူရရှိထားသည့် စာရင်းများအရ စစ်ပွဲကြောင့် ထွက်ပြေးနေကြရသူ နှစ်သောင်းကျော် ရှိလာပြီး ထက်ဝက်ခန့်မှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ UWSA ထိန်းချုပ်ရာနယ်မြေသို့ ရောက်ရှိနေကြသည်။

စစ်ရှောင်များသည် လားရှိုးတွင် ၆၅၀၀ ကျော်၊ သိန္နီတွင် ၅၀၀၀ ကျော်၊ နောင်ချိုနှင့် မုံတုံတွင် ၁၀၀၀ ကျော်၊ ကွတ်ခိုင်နှင့် မုံးကိုးတို့တွင် ၅၀၀ ကျော်စီ ရှိလာကြောင်း ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များထံမှ ရရှိသည့် စာရင်များအရ သိရသည်။ တောတွင်း၌ ပိတ်မိနေသည့် စစ်ဘေးရှောင်များလည်း ရှိနေပြီး အရေအတွက် ထပ်တိုးလာဖွယ်ရှိသည်။

လားရှိုးမြို့မှ စစ်ဘေးရှောင်အများဆုံး လက်ခံထားရာ မန်ဆူဘုန်းတော်ကြီးကျောင်းတွင်လည်း စစ်ရှောင်များ တိုးလာသည့်အတွက် နေရာထိုင်ခင်းနှင့် အခြေခံစားသောက်ကုန်များ လိုအပ်နေကြောင်း စခန်းတာဝန်ခံ ဘုန်းတော်ကြီး အရှင်စဝ်ခူးကောလိနဒက မိန့်ကြားသည်။ မန်ဆူကျောင်းတွင် စစ်ရှောင် ၃၀၀၀ ခန့် ရောက်နေသည်။

“ဒီမှာတော့ ဖျားနာသူတွေ များနေတယ်” ဟု ဆရာတော်က မိန့်သည်။

ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA တို့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် မြန်မာ-တရုတ် နယ်စပ်မြို့ ချင်းရွှေဟော်မှ ဒေသခံတစ်သောင်းခန့်သည် ‘ဝ’ တပ် UWSA ထိန်းချုပ်ရာ နမ့်တစ်မြို့သို့ ထွက်ပြေးလာကြသည်ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောသည်။

“အတတ်နိုင်ဆုံး ကူညီထားမှုလုပ်ထားပါတယ်။ တချို့လည်း နေရပ်အသီးသီး ပြန်ကြတာရှိပါတယ်။” ဟု UWSA အရာရှိ ဦးညီရမ်းက ဆိုသည်။

တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့တွင် တွေ့ရသော MNDAA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – The Kokang)

မြောက်ပိုင်းတပ်များက အလုံးစုံထိန်းချုပ်ရန် ကြိုးစားနေသည့် ရှမ်းမြောက်ဒေသက စစ်ရေးအရ အချက်အချာကျသည့် သိန္နီမြို့မှ စစ်ရှောင် ၅၀၀၀ ခန့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေပြီး ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရကြောင်း ဒေသခံများက ဆိုသည်။

သိန္နီသည် ရှမ်းမြောက်ဒေသတိုက်ပွဲများကို စစ်ကောင်စီ ကွပ်ကဲသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးနှင့် ၂၅ မိုင်ခန့်သာ ကွာဝေးပြီး စစ်ကောင်စီ စစ်ကူယာဉ်တန်းများသည် ထိုမြို့ကို ဖြတ်သန်းပြီးမှ တိုက်ပွဲပြင်းထန်နေသည့် မြန်မာ-တရုတ် နယ်စပ်ဒေသများသို့ ရောက်နိုင်မည်ဖြစ်သည်။

လတ်တလောတွင် MNDAA နှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပူးပေါင်းတပ်များက သိန္နီရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို ဝင်စီးထားပြီး တစ်မြို့လုံးကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

စစ်ဆင်ရေး ၅ ရက်မြောက်နေ့ အောက်တိုဘာ ၃၁ တွင် မိုးကိုးမြို့နယ်မှ ဒေသခံ ၅၀၀ ကျော်သည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တောလမ်းခရီးတွင် ပိတ်မိနေကြသူများလည်းရှိကြောင်း ရှမ်းမြောက်စစ်ရှောင်များကို အကူအညီပေးနေသည့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံမှ သိရသည်။

ထို့အတူ မန်တုံမြို့နယ် မိုင်းဘော်နှင့် ဟိုနားရွာတို့မှ ဒေသခံ ၁၀၀၀ ခန့်သည်လည်း တောတောင်များထဲတွင် ပိတ်မိနေကြသည်ဟု TWO အဖွဲ့ထံမှ သိရသည်။

“စစ်ရှောင်စခန်းတွေမှာတော့ အရေးပေါ် အခြေခံအစားအသောက်တွေ လိုအပ်နေတဲ့အပြင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက်လည်း အထောက်အကူပြုပစ္စည်းတွေ လိုအပ်နေပါတယ်“ ဟု TWO ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရှမ်းမြောက်တိုက်ပွဲများအတွင်း ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး အခြား ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button