သတင်း

ဒီပဲယင်းတွင် သက်ကြီးရွယ်အိုများပါမကျန် စစ်တပ်က ခေါင်းဖြတ်သတ်နေ

(စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)

အောက်တိုဘာ လလယ်ပိုင်းမှစတင်ပြီး စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရွာများသို့ စီးနင်းတိုက်ခိုက်နေသော စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်ဖြတ်ထားသူတို့၏ ရုပ်အလောင်းများကို ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ကြသည်။

ယခုသီတင်းပတ်အတွင်း သိမ်ဘာရွာတွင် ၄ လောင်း၊ ရှမ်းတောရွာတွင် ၂ လောင်း၊ မင်းတဲကုန်းနှင့် ဘုတ္ထန်းရွာများတွင် ၁ လောင်းစီ ရှာဖွေတွေ့ရှိခဲ့ကြသည်။  

ခေါင်းဖြတ်ခံရသူ ၅ ဦး အနည်းဆုံး ရှိသည်၊ ထိုအထဲတွင် အသက် ၆၀ အရွယ် စစ်ရှောင်အမျိုးသားကြီးလည်း ပါဝင်သည်ဟု ဒေသခံများနှင့် ကျေးရွာကာကွယ်ရေးတပ်များက ဆိုသည်။

သတ်ဖြတ်ခံရသူများမှ ၆ ဦးကိုသာ မည်သူမည်ဝါမှန်း အတည်ပြုနိုင်ကြောင်း၊ ၎င်းတို့သည် စစ်ရှောင်အရပ်သားများဖြစ်ကြောင်း ဒေသခံများနှင့် ကျေးရွာကာကွယ်ရေးတပ်များက ဆိုသည်။

ဒီပဲယင်းမြို့ အနောက်ဘက် ဘုရားထွက်ကျေးရွာကို စစ်တပ်က မီးရှို့နေသည်ကို ၂၀၂၂  ဩဂုတ် ၃ နေ့လယ်က တွေ့ရစဉ် ။ (ဓာတ်ပုံ-ပေးပို့)

ထိုသူများသည် အောက်တိုဘာ ၁၈ ရက်နေ့နောက်ပိုင်း ဝင်လာသည့် အင်အား ၁၅၀ နီးပါးပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများကဆိုသည်။

မင်းတဲကုန်းမှ အသက် ၆၀ အရွယ်ရှိသည့် အထက်ပါ အမျိုးသားကြီးသည် သူ၏အစ်မနှင့်အတူ တိမ်းရှောင်ကြခြင်း ဖြစ်သည်ဟုလည်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှတာဝန်ရှိသူ ကိုဖြိုးက ပြောသည်။ 

“ သူတို ၂ ဦးက မင်းတဲကုန်းတောထဲမှာ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ အသက် ၇၀အရွယ် ဒေါ်လှရှင်ရဲ့ နားကပ်ကို ချွတ်ယူသွားတယ်။ ဦးညိုဝင်းကိုတော့ မေးစရာရှိတာမေးပြီးတော့ ခေါင်းဖြတ်ပြီးတော့ သတ်ဖြတ်သွားတာ”ဟု  ကိုဖြိုးက ပြောသည်။ 

ထို့အပြင် သိမ်ဘာရွာတွင်တွေ့ရသည့် ရုပ်အလောင်း ၄ ခုသည်လည်း ဦးခေါင်း၊ ခြေလက်များကို ဖြတ်တောက်ခံထားရကြောင်း၊ ပုပ်ပွနေသော ရုပ်အလောင်းများကို တောခွေးများ ကိုက်ချီစားသောက်ခဲ့သဖြင့် မည်သူမည်ဝါဆိုသည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသကာကွယ်ရေး အဖွဲ့တစ်ခုဖြစ်သည့် ကောင်းကင်အဖွဲ့မှ တာဝန်ခံ တစ်ဦးဖြစ်သည့် ကိုကောင်းကင်ကြီးက ပြောသည်။ 

“…ခေါင်းလည်း ဖြတ်တယ်။ ခြေထောက်တွေ ဖြတ်တယ်။ လက်လည်းဖြတ်တယ်။ ဗိုက်ကိုလည်း ရင်ဘတ်ကနေ ဆီးခုံထိရောက်အောင်ခွဲထားခဲ့တယ်”ဟု ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ကောင်းကင်အဖွဲ့မှ တာဝန်ခံ တစ်ဦးဖြစ်သည့် ကိုကောင်းကင်ကြီးက ပြောသည်။ 

ဒေသခံများက ပေးပို့သည့် မှတ်တမ်းဓာတ်ပုံများတွင် ဦးခေါင်းမဲ့နေသည့် ရုပ်အလောင်း ၃ ခုကို တွေ့ရသည်။

စစ်ကြောင်းထွက်သွားသော်လည်း ကြောက်လန့်နေသည့် ဒေသခံအများစု နေရပ်သို့ ရောက်မလာကြသေးသဖြင့် သတ်ဖြတ်ခံခဲ့ရသူများ၏ အမည်နှင့် အချက်အလက် အသေးစိတ်ကို မသိရသေးဟု ဒေသခံများကဆိုသည်။   

ရွာစဉ်လှည့်စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက်မပြည့်သေးသူများ အပါအဝင် ဒေသခံ ၂၁ ဦး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှသိရသည်။ 

“ စစ်ကြောင်းကတော့ နည်းနည်းခန့်မှန်းရခက်တယ်။ နောက်ပြန်လှည့်မှာလိုလို၊ ရှေ့သွားမှာလိုလို လုပ်တာ မျိုးရှိတယ်။ တချို့ကတော့ သူတို့ရွာကိုမဝင်ဘူးလို့ ယူဆပြီးတော့ မပြေးကြ တာမျိုးရှိတယ်။ တချို့ကျတော့လည်း ကျွဲနွားတွေရှိတော့ ပြန်တာမျိုးရှိတယ်။ တချို့ဆို ဈေးဝယ်ပြီး ပြန်တာတွေရှိတယ်။ အဲ့လိုအခြေအနေ အကြောင်းကြောင်းကြားမှာ ဖမ်းဆီးခံရတယ်”ဟု ကိုဖြိုးက ပြောသည်။ 

ဆယ်ရက်ကျော်ကြာစီးနင်းခဲ့သည့် စစ်ကောင်စီတပ်သည် ဝဘာကျေးရွာမှ နေအိမ် ၇ လုံးနှင့် စပါးတိုက် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ စပါးတင်းရေ ၈၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် တောတိုက်များတွင် သိုလှောင် ထားသည့် ဆီပိဿာချိန် ၁၀၀၀ နီးပါးကိုလည်း သွန်ပစ်ဖျက်ဆီးခဲ့ကြောင်း ၎င်းကဆိုသည်။

ဒီပဲယင်းဒေသ ထိုးစစ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များအခြေစိုက်ရာ မုံရွာမြို့နှင့် ၄၇ မိုင်ခန့်အကွာ ဒီပဲယင်းမြို့သည် လက်နက်ကိုင် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ မြို့နယ်ဖြစ်ပြီး စစ်တပ်က မကြာခဏစစ်ကြောင်း ဝင်လေ့ရှိပြီး အိမ်ခြေ ထောင်နှင့်ချီမီးရှို့ဖျက်ဆီးထားသည်။ 

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button