
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖမ်းဆီးခံခဲ့ရသည့် မွတ်စလင် ၄၁ ဦးကို ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ကျောက်တစ်လုံးဒုက္ခသည်စခန်းအနီးတွင် လက်ရှိနေရာချထားပေးပြီး စစ်တွေသို့ ထပ်မံပို့ဆောင်မည်ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာအုပ်စု မြစ်ရေပြင်၌ မွတ်စလင် ၄၂ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှဖြစ်သည့် အဆိုပါမွတ်စလင်များသည် ရေလမ်းခရီးဖြင့် နိုင်ငံသားအထောက်အထားမဲ့ ဝင်ရောက်လာသည်ဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့ကို ထိန်းသိမ်းထားစဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရှိမရှိ စစ်ဆေးခဲ့ရာ တစ်ဦးတွင် ပိုးတွေ့ရှိခဲ့ပြီး ကျန်သူများကို ရခိုင်ပြည်နယ်သို့ ပြန်ပို့ခဲ့သည်။ ရောဂါပိုးကူးစက်ခံထားရသူတစ်ဦးကိုမူ ရန်ကုန် ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ပြီး ကုသမှုခံယူစေခဲ့သည်။
“ကျွန်တော် ဆက်သွယ်စုံစမ်းရသလောက်တော့ (ဩဂုတ်) ၃၀ ရက်နေ့က Swab ( တို့ဖတ်နမူနာ) ယူတယ်။ တစ်ယောက်တော့ Positive (ပိုးတွေ့) ထွက်တယ်ပေါ့။ ဧရာဝတီဘက်မှာပဲ (Swab) ယူတယ်ပေါ့။ ပြီးတော့ ကျောက်ဖြူဘက် ပို့လိုက်တယ်။ ပြီးရင် စစ်တွေဘက်ပို့မယ်။ အဲဒါပါပဲ။ စစ်တွေရောက်မှပဲ ကျန်းမာရေးကိစ္စ ဆောင်ရွက်မယ် ထင်တယ်” ဟု ဦးစိုးမိုးကျော်က ပြောသည်။
ယင်းမွတ်စလင် ၄၁ ဦးသည် ယမန်နေ့က ကျောက်ဖြူသို့ ရောက်ရှိလာကြပြီး မနက်ဖြန် (စက်တင်ဘာ ၄) တွင် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်မည် ဖြစ်သည်။
၎င်းတို့ကို အမှုဖွင့်ထောင်ချခြင်းမပြုဘဲ ပြန်လွှတ်ပေးလိုက်ခြင်းသည် ကောင်းမွန်သည့် လက္ခဏာ ဖြစ်သော်လည်း ယခုကဲ့သို့ ကိုဗစ်ကာလ၌ ဖမ်းမိသည့်နေရာတွင်သာ အသွားအလာကန့်သတ်ထားသင့်သည်ဟု မွတ်စလင်အသိုင်းအဝိုင်းမှ အချို့က ဆိုသည်။
“အဲဒီလိုပြန်ပို့တယ်လို့ ပြောသံကြားတယ်။ တကယ်ဆို ကွာရန်တင်း ( အသွားအလာကန့်သတ်မှု) အဲဒီမှာ ထားရမှာ။ တခြားသူတွေကိုလည်း စစ်ရမယ်လေ” ဟု စစ်တွေ သက္ကယ်ပြင်ဒုက္ခသည်စခန်းတွင် နေထိုင်သူ ဦးကျော်လှအောင်က ပြောသည်။
ပြန်ပို့သည့် မွတ်စလင်များကို စစ်တွေတွင် မည်သို့ထားရှိမည်ကို အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
ကိုဗစ်ဒုတိယလှိုင်း ရိုက်ခတ်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဩဂုတ်လအတွင်း သတိပေးထားပြီး ပိုးတွေ့လူနာများသည် ရခိုင်ပြည်နယ်မှ အများဆုံးဖြစ်ကာ စက်တင်ဘာ ၃ နံနက်ပိုင်း အထိ ရခိုင်ပြည်နယ်တွင် ပိုးတွေ့လူနာ ၄၆၅ ဦး ရှိသည်။