ပါလက်စတိုင်းနိုင်ငံ ဂါဇာမြို့ရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာ ၁၇ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လူ ၅၀၀ ခန့် သေဆုံးသွားရာ အစ္စရေး၏တိုက်ခိုက်မှုဖြစ်သည်ဟု အများက ယူဆကြပြီး အစ္စရေးကမူ ၎င်းတို့၏လက်ချက်မဟုတ်ဟု ငြင်းလိုက်သည်။
ပါလက်စတိုင်းရှိ လက်နက်ကိုင်တို့ ဒုံးကျည်ပစ်ခတ်ရာမှ လမ်းလွဲကာ Al-Ahli Arab ဆေးရုံပေါ် ကျရောက် ပေါက်ကွဲခြင်းဖြစ်သည်ဟု အစ္စရေးက ဆိုသည်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကမူ “ဒါဟာ တစ်ကမ္ဘာလုံး သိသင့်တဲ့ကိစ္စပါ ဂါဇာမှာရှိတဲ့ အကြမ်းဖက်သမားတွေဟာ အစ္စရေးစစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံကို တိုက်ခိုက်တာဖြစ်ပါတယ်၊ ဒီတိုက်ခိုက်မှုဟာ ကျွန်တော်တို့ကလေးငယ်တွေသာမက သူတို့ (ပါလက်စတိုင်း) ကလေးငယ်တွေကိုပါ သတ်တာပါ” ဟု ဆိုသည်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ashraf al-Qudra က ထိုအရပ်သားများစွာ သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုသည် အစ္စရေးလက်ချက်ဖြစ်သည်ဟု ဆိုသည်။
လူ ၅၀၀ ကျော် သေဆုံးမှုဖြစ်ရပ်ကြောင့် ဂျော်ဒန်နိုင်ငံက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။
ပင်တဂွန်စစ်ဌာနချုပ်မှ ဒုတိယပြောခွင့်ရအမျိုးသမီး Sabrina Singh ကမူ အချက်အလက်များမရသေးချိန်တွင် ထိုဖြစ်ရပ်အတွက် “ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ မသိပါဘူး၊ အချက်အလက်တွေ ပိုပြီးသိလာရရင်တော့ ကျွန်မတို့အသိပေးပါမယ်၊ အမေရိကန်အနေနဲ့ အစ္စရေးနဲ့ အခြားသော မဟာမိတ်နိုင်ငံတွေဟာ စစ်ဥပဒေကို လိုက်နာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ထိုပေါက်ကွဲမှုအတွက် ဂျိုးဘိုင်ဒင်က အလွန်စိတ်မကောင်းဖြစ်ရပြီး ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို အတိအကျကို အစီရင်ခံရန် ယင်း၏ အမျိုးသားလုံခြုံရေးအဖွဲ့ကို ညွှန်ကြားထားသည်ဟု ဆိုသည်။
နိုင်ငံတကာ၏ တုံ့ပြန်ပြောဆိုချက်များ
အာဖရိကသမဂ္ဂ − အာဖရိကသမဂ္ဂ အကြီးအကဲ Moussa Faki Mahamat က ထိုတိုက်ခိုက်မှုသည် အစ္စရေး၏ စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းဟု စွပ်စွဲထားသည်။
“လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ အစ္စရေးရဲ့ ဂါဇာကမ်းမြောင်ဆေးရုံကို ဗုံးခွဲတိုက်ခိုက်မှုအတွက် ကျွန်တော်တို့ရဲ့ ရှုတ်ချမှုကို အပြည့်အဝ ထုတ်ဖော်ပြောဆိုဖို့ စကားလုံးမရှိဘူး” ဟု Moussa Faki Mahamat က သူ၏ လူမှုကွန်ရက် Twitter တွင် ရေးသည်။
ဥရောပသမဂ္ဂ − ထိုတိုက်ခိုက်မှုသည် အရပ်သားအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်းကြောင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟု EU အကြီးအကဲ Charles Michel က ပြောသည်။
“အရပ်သားအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေနဲ့ မညီပါဘူး” ဟု အီးယူခေါင်းဆောင်များ၏ ဗီဒီယိုကွန်ဖရင့်အပြီးတွင် Michel က ပြောသည်။
အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Josep Borrell ကမူ “ဂါဇာရှိ Al-Ahli Arabi Baptist ဆေးရုံမှ ထွက်ပေါ်လာတဲ့ ဒီသတင်းနဲ့ ဖြစ်ရပ်ဆိုးဟာ ထိတ်လန့်စရာပဲ”ဟု ဆိုသည်။
ပြင်သစ် − ပြင်သစ်သမ္မတ Emmanuel Macron ကမူ “အရပ်သားတွေကို ပစ်မှတ်ထားတာဟာ ဘယ်နည်းနဲ့မှ အကြောင်းပြလို့မရပါဘူး ဂါဇာကမ်းမြှောင်ဒေသကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ နှောင့်နှေးမှုမရှိစေဘဲ ပို့ဆောင်ခွင့်ပြုရပါမယ်” ဟု ဆိုသည်။
“ပါလက်စတိုင်း အများအပြားသေစေခဲ့တဲ့ ဂါဇာမှာရှိတဲ့ Al-Ahli Arabi ဆေးရုံကို ပြင်သစ်က ရှုတ်ချပါတယ်” Emmanuel Macron က လူမှုကွန်ရက် Twitter တွင် ရေးသည်။
ဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့ − အီရန် ကျောထောက်နောက်ခံပေးထားပြီး ဟားမတ်စ် စစ်သွေးကြွများ၏ မဟာမိတ် ဟစ်ဇာဘိုလာအဖွဲ့က ထိုတိုက်ခိုက်မှုသည် အစ္စရေး၏ လူသတ်မှုဟု ဆိုသည်။
“အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” နှင့် “ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှု” ဟု ဟစ်ဇာဘိုလာအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျော်ဒန် − ယခုဖြစ်ရပ်သည် အစ္စရေးတွင် တာဝန်ရှိသည်ဟု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ ယင်းဖြစ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဆိုသည်။
ကာတာ − ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကမူ အဆိုပါတိုက်ခိုက်မှုသည် “ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” နှင့် “အကာအကွယ်မဲ့ အရပ်သားများအပေါ် ကျူးလွန်သော ဆိုးရွားသည့် ရာဇဝတ်မှုတစ်ခု” ဟု ခေါ်ဆိုခဲ့သည်။
Ahli Arab ဆေးရုံကို တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုနှင့် အန္တရာယ်များသည့်အခြေအနေများ ပေါ်ပေါက်လာသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။
တူနီးရှား − အဆိုပါတိုက်ခိုက်မှုအတွက် တူနီးရှားနိုင်ငံရှိ ပြင်သစ်သံရုံးရှေ့တွင် ရာနှင့်ချီသည့် ဆန္ဒပြသူများက အင်္ဂါနေ့တွင် စုဝေးဆန္ဒပြခဲ့ကြပြီး အမေရိကန်ကိုပါ ကန့်ကွက်ခဲ့ကြသည်။
အမေရိကန်နှင့် မဟာမိတ်ဖြစ်သည့် ပြင်သစ်နိုင်ငံ၏သံရုံးကို တူနီးရှားတွင် ဆက်မထားရန် ကြွေးကြော်ခဲ့ကြသည်။
တူရကီ − တူရကီသမ္မတ Recep Tayyip Erdogan က အခြေခံကျသည့် လူ့တန်ဖိုးများကို လျစ်လျူရှုသည့် အစ္စရေး၏တိုက်ခိုက်မှုဟု ဆိုသည်။
“ဂါဇာမှာ မကြုံစဖူး ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်ဖို့နဲ့ အရေးယူမှုတွေလုပ်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်” ဟု Recep Tayyip Erdogan က Twitter တွင် ရေးသည်။
ကုလသမဂ္ဂ(UN)− ကုလလူ့အခွင့်အရေးအကြီးအကဲ Volker Turk က ဆေးရုံတိုက်ခိုက်ခံရမှုကို လုံးဝလက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး ကျူးလွန်သူများကို အရေးယူရန် တောင်းဆိုသည်။
“ပြောစရာမရှိလောက်အောင်ပါပဲ၊ လူနာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံတစ်ဝိုက်မှာ ခိုလှုံနေကြတဲ့ မိသားစုတွေအပါအဝင် ဂါဇာမြို့မှာရှိတဲ့ Al Ahli Arab ဆေးရုံမှာ ကြီးမားတဲ့ တိုက်ခိုက်မှုအတွင်း လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်” ဟုဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) – လူအသေအပျောက်များသော အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အရပ်သားများကို အကာအကွယ်ပေးရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် WHO က တောင်းဆိုထားသည်။
“Al Ahli Arab ဆေးရုံကို တိုက်ခိုက်မှုကို WHO က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ကြေညာထားသည်။
ကိုးကား − AFP
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)