အစ္စရေးနှင့် ဂါဇာကမ်းမြောင်ဒေသရှိ စစ်သွေးကြွ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတို့အကြား သုံးရက်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ခဲ့ရာ သေဆုံးသူ အရေအတွက်ကလည်း မြင့်တက်လျက် ရှိသည်။
ယခုနှစ်ပိုင်းအတွင်း အပြင်းထန်ဆုံး ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ခဲ့ကာ အစ္စရေးဘက်မှ ၄ ဦး သေဆုံးပြီး ပါလက်စတိုင်း ၂၃ ဦး သေဆုံးခဲ့ရသည်။
အစ္စရေးနယ်ဘက်သို့ ပါလက်စတိုင်းစစ်သွေးကြွများက ဒုံးကျည်ဖြင့် အကြိမ် ၆၀၀ ခန့် ပစ်ခတ်ခဲ့ကာ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း ပစ်မှတ် ၃၂၀ ကို ပြန်လည် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းကြပါရန် ပန်ကြားထားသည်။ တနင်္ဂနွေနေ့ညက တက်လာသော သတင်းများအရ ကုလသမဂ္ဂ၊ ကာတာ နှင့် အီဂျစ်တို့က အပစ်အခတ်ရပ်စဲရေး ရရှိရန် ကြားဝင်စေ့စပ်လျက် ရှိသည်။
ဂါဇာရှိ အကြမ်းဖက်သမားတို့၏ အခြေစိုက်ရာများကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်သွားရန် စစ်တပ်ကို အမိန့်ပေးထားကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု က ပြောကြားခဲ့သည်။
ဂါဇာဘက်မှ ပစ်လိုက်သော ဒုံးကျည်များထဲမှ အလုံး ၁၅၀ ကျော်ကို လေကြောင်းရန်ကာကွယ်ရေးက ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း အစ္စရေးက ပြောကြားထားသည်။
ဂါဇာကမ်းမြောင်ဒေသနားသို့ တင့်ကားများ၊ လက်နက်ကြီးများ၊ ခြေလျင်တပ်များ အင်အားဖြည့်ထားသည်ဟု ဝန်ကြီးချုပ်က ဆိုထားသည်။
အစ္စရေးဘက်သို့လည်း ရော့ကတ်များက ဆက်တိုက်ကျလျက်ရှိကာ ဂါဇာဒေသအနီး ၂၅ မိုင်အတွင်း ကျောင်းများကို ပိတ်ထားပြီး အများသူငါကိုလည်း ဒုံးကျည်ကာ ဒဏ်ခံ အကာအကွယ်များ ဖွင့်ထားပေးသည်။ အစ္စရေးဘက်တွင် ဒုံးကျည်ဒဏ်ကြောင့် သေဆုံးသူ ၄ ဦး ရှိလေပြီ။
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေအတွင်းက ဂါဇာဘက်ခြမ်းတွင် ပါလက်စတိုင်း ၂၃ ဦး သေဆုံးကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သေဆုံးသူများထဲတွင် ၎င်းတို့၏ ဖိုက်တာ ၇ ဦး ပါသွားသည်ဟု အစ္စလာမ်မစ်ဂျီဟတ် အဖွဲ့တစ်ဖွဲ့က ပြောကြားထား၏။
သေဆုံးသူများထဲတွင် အရပ်သားများပါပြီး ၁၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်း ၂ ဦးတို့ ပါဝင်ကြောင်း ဂါဇာဘက်က ဆိုထားသည်။
ဟားမက်စ်တပ်မှူးတစ်ဦးဖြစ်သူ ဟာမက်ဟမ်ဒမ်အယ်ခိုဒါရီကို ဦးတည်လုပ်ကြံရေး တိုက်ခိုက်ရေးမစ်ရှင်တစ်ခု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားကာ ၎င်း၏ ကားကို လေကြောင်းမှ တိုက်ခိုက်ထားသည့် ဗီဒီယိုကိုလည်း ထုတ်ပြန်မျှဝေပေးထားသည်။
Credit – BBC, Reuters