သတင်း

စစ်တပ်ဝင်သည့် ခင်ဦးနှင့် ရွှေဘိုတွင် ဒေသခံ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအလယ်ပိုင်းတွင် စစ်တပ်ကြောင့် ဒေသခံတချို့ သေဆုံးပြီး တချို့ ဒဏ်ရာရသွားသည်။ ရွှေဘိုတွင် ကျေးလက်ဒေသ လက်နက်ကိုင်တော်လှန်ရေးသမား ၃ ဦး အဖမ်းခံရသည်။

စစ်တပ် စစ်ကြောင်းများ စီးနင်းနေသည့် စစ်ကိုင်းတိုင်းအလယ်ပိုင်းတွင် ခင်ဦးမြို့နယ်မှ ဒေသခံတစ်ဦး အသတ်ခံရပြီး ရွှေဘိုမြို့နယ်တွင်မူ အရပ်သားတစ်ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံရသည်ဟု ဒေသခံများထံမှ သိရသည်။

မူးမြစ်အရှေ့ဘက်ရှိ ခင်ဦးမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၁၅) ညပိုင်းက ညောင်ပင်ကြီးစု ရွာသားတစ်ဦး အသတ်ခံရကြောင်း သိရသည်။

ရွှေဘိုမြို့နယ်မှ စစ်ကြောင်းထိုးလာသည့် စစ်သား ၁၀၀ ကျော် ယမန်နေ့က ထိုရွာသို့ ရောက်လာကြောင်း၊ ညနေပိုင်းတွင်  အသက် ၄၀ အရွယ် ကိုမင်းမင်း ရွာတွင်း ဝင်ရောက် ကြည့်ရှုစဉ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ကျေးရွာကာကွယ်ရေးတာဝန်ခံ ကိုမော်တော်က ဆိုသည်။

“သူက စကစ ထွက်သွားပြီဆိုပြီး ဝင်တာဗျာ၊ မထွက်သေးဘူး….ရှိသေးတယ်လို့ တားတဲ့ ကြားထဲက ပြန်ဝင်သွားတာ” ဟု သူက ပြောသည်။

ယနေ့ နံနက်တွင်မှ စစ်ကြောင်းက ညောင်ပင်ကြီးစုရွာမှ ပြန်ထွက်သွားသဖြင့် ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့ဝင်များ ရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ စာသင်ကျောင်းနှင့် ရဲစခန်းအကြား သေနတ်ဒဏ်ရာများရှိနေသော ကိုမင်းမင်း၏ ရုပ်အလောင်းကို တွေ့ရသဖြင့် ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။

အလားတူ စစ်ရှောင်နေရာမှ ရွာသို့ ပြန်လာသည့် အသက် ၃၇ နှစ်အရွယ် ကိုစိုးတင့် ဆိုသူမှာလည်း ရွာအလယ်ပိုင်း လမ်းဘေးတစ်နေရာတွင် နင်းမိုင်း နင်းမိပြီး ခြေထောက်ဒဏ်ရာရရှိခဲ့သည်။

ထိုသူ၏ မိုင်းထိသော ညာဘက်ခြေထောက် ဒဏ်ရာပြင်းထန်သောကြောင့် ဖြတ်တောက်ရမည်ဖြစ်ကြောင်း သိရသည်။

ရွှေဘိုမြိုန့ယ်အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ထွက်လာသည့် အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၁၄ နံနက်တွင်  ရွှေဘိုမြို့နယ်မှ သရက်ပင်ဝန်းကျေးရွာ၊ ၁၅ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာသို့ ဝင်ရောက်ကာ ညအိပ်တပ်စွဲခဲ့သည်။

ညောင်ပင်ကြီးစုရွာမှ ပြန်အထွက်တွင် နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း၊ ထိုရွာ မြောက်ဘက် လေးမိုင်ခန့်အကွာ ရွာသစ်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များ၏ အဆိုအရ သိရသည်။

စစ်တပ် ပစ်သတ်ခဲ့သော အသက် ၄၀ အရွယ် ကိုမင်းမင်း၏ ရုပ်အလောင်း။ (ဓာတ်ပုံ – ခင်ဦးသတင်းမှန် ပြန်ကြားရေး)

လမ်းတလျှောက် ပစ်ခတ်သွားသော အဆိုပါ စစ်ကြောင်း၏ ရန်ကြောင့် ညောင်ပင်ကြီးစု၊ သက်ပေး၊ မူးသာ၊ လက်ပံကွက်၊ ဇီးတော စသည့် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံသောင်းဂဏန်းခန့် ထွက်ပြေးနေရသည်။

“စစ်ကောင်စီလာရင် စစ်ဘေးရှောင်ရတယ်၊ သူတို့နဲ့ နည်းနည်းဝေးရင်တော့ ကိုယ်ရွာကို ပြန်ဝင်တာပေါ၊ ပြန်ဝင်ရင် နောက်ချန်ကင်းနဲ့ တွေ့တော့ သတ်ခံရတာက ဒုက္ခရောက်တာ။ မနက်ကဆို စစ်ဘေးရှောင် တစ်သောင်းလောက်တောင် ရှိတယ်” ဟု ခင်ဦးမြို့နယ်အနောက်ပိုင်းမှ ဒေသကာကွယ်ရေးခေါင်းဆောင်တစ်ဦးက ဆိုသည်။

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကိုလည်း လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခြင်းများ အကြိမ်ကြိမ်လုပ်ခဲ့ပြီး၊ စစ်တပ်မှ အနည်းဆုံး ၃ ဦး သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောကြသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီတပ်များ၏ ထိခိုက်မှုသတင်းကို အာဏာသိမ်းအုပ်စုက ဖုံးကွယ်ထားလေ့ရှိသည်။

အလားတူ ယမန်နေ့က ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

ရွှေဘိုမြို့တောင်ဘက်အထွက် မုခ်ပေါက်အနီး ကုမ္ပဏီရုံးတစ်ခု၌ တပ်စွဲထားသော စစ်သားများက ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ယင်းမာကျေးရွာအတွင်း လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးစိုးမြင့်ဝင်းဆိုသူ သေဆုံးခဲ့သည်။

အနီးရှိ အောင်ချမ်းသာကျေးရွာတွင် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသူများအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပေ။

ရွှေဘိုတွင် ပကဖ တာဝန်ခံနှစ်ဦးအပါအဝင် ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့ (အောက်တိုဘာ ၁၅) က ထိပ်တိုက်တိုးသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ၃ ဦး ပစ်ခတ် ဖမ်းဆီးခံရပြီး သေသည်ရှင်သည် မသိရပေ။

ဘုန်းဘွဲ့ကျေးရွာအတွင်း ရောက်နေသော စစ်တပ်စစ်ကြောင်းကို နံနက် ၆ နာရီခန့်တွင် ကင်းလာထောက်သည့် အမှတ် (၅) တိုက်နယ် ပကဖတာဝန်ခံ အသက် ၄၅ နှစ်အရွယ် ဦးယမ်းနှင့် ဘုန်းဘွဲ့ကျေးရွာမှ ပကဖတာဝန်ခံ အသက် ၄၀ အရွယ် ဦးမောင်စိုးနှင့် ရွာပကဖတစ်ဦးတို့ ပစ်ခတ်ဖမ်းဆီးခံရသည်။

“စစ်ကြောင်းရဲ့တစ်ဝက်လောက်က ရွာကနေ ထွက်သွားပြီ၊ အဲ့အချိန် အခြေအနေသိရအောင် ဆိုင်ကယ်နှစ်စီး လူလေးယောက် သွားကြည့်ကြတာမှာ နောက်ချန် xx ကြောင်းနဲ့ တွေ့ပြီး တားပြီး ဖမ်းတဲ့အချိန် ထွက်ပြေးတာ နောက်က လိုက်ပစ်ခံရတယ်၊ တစ်ယောက်ပဲ လွတ်လာတယ်” ဟု ရွှေဘိုမြို့နယ် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို ၃ ဦး သေသည်ရှင်သည် အခြေအနေမသိရကြောင်း ဝက်လက်မြို့နယ်အခြေစိုက် သိဒ္ဓိရှင်တပ်ဖွဲ့ တာဝန်ခံကလည်း ပြောသည်။

“လိုက်ပစ်ခံရတဲ့အချိန် လဲသူလဲ…ဖြစ်ခဲ့တာ။ မှန်ပြီး ဒဏ်ရာရ၊ အသေဖမ်းခံရသလား၊ အရှင်ဖမ်းခံရသလား တစ်ခုခုပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကြောင်းမှာ ဘုန်းဘွဲ့ကျေးရွာအတွင်း ဆက်ရှိနေဆဲဖြစ်ပြီး အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောကြသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင်မူ ယမန်နေ့က ဘုန်းဘွဲကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး PDF အလောင်း နှစ်လောင်းနှင့် လက်လုပ်သေနတ် နှစ်လက်ရရှိကြောင်း ဖော်ပြထားသည်။

ထိုစစ်ကြောင်းကိုလည်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စိန်ပြောင်းများဖြင့် အဝေးမှ ပစ်ခတ်ခြင်းများအပြင် ကျေးရွာအနီးအထိ ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button