မန္တလေးတိုင်း၊ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းတွင် အောက်တိုဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ကျဆုံးမှုရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အဆိုပါ လမ်းပေါ်ရှိ ဒိုးပင်ကျေးရွာအနီး မန္တလေးတိုင်း PDF (MDY- PDF) လှုပ်ရှားသည့် နေရာသို့ စစ်ကောင်စီတပ်မ (၁၀၁) လက်အောက်ခံ ခြေလျင်တပ်ရင်း အမှတ် (၂၅၂) မှ စစ်သား ၆၀ ခန့်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲသည် နံနက် ၉ နာရီခွဲမှ ည ၈ နာရီကျော်အထိ ဖြစ်ပွားခဲ့ပြီး PDF ဘက်မှ ၃ ဦး သေဆုံးသလို စစ်တပ်ဘက်မှ ထိုအရေအတွက်ထက်မနည်း သေဆုံးသည်ဟု ဆိုသည်။
“တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာပဲ ရန်သူအလောင်း ၆ လောင်း သိမ်းဆည်းရမိတာ ရှိတယ်။ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိတာ ရှိပါတယ်” ဟု မန္တလေးတိုင်း PDF (MDY-PDF ) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ယနေ့ ပြောသည်။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး မန္တလေးတိုင်းအခြေစိုက် PDF တပ်က ယမန်နေ့တွင် ရုပ်သံမှတ်တမ်း ထုတ်ပြန်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ၊ စစ်သားအလောင်းများ၊ သိမ်းဆည်းရမိသော စစ်ဝတ်စုံများ၊ ရာထူးတံဆိပ်များ၊ အသုံးအဆောင်များ၊ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများ ပါဝင်နေသည်ကို တွေ့ရသည်။
စစ်သား ၂၀ ထက်မနည်း သေဆုံးသလို အနည်းဆုံး ၆ လောင်း သင်္ဂြိုလ်ပေးခဲ့ကြောင်း၊ စစ်သား ၃၀ ခန့် ဒဏ်ရာရနိုင်ကြောင်း PDF ဘက်က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် PDF ၃ ဦးအမည်ကို မန္တလေးတိုင်း PDF က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်အပြင် PDF များ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တပ်စခန်းချ လှုပ်ရှားနေသည်။
တိုက်ပွဲဖြစ်သည့် ဒိုးပင်ကျေးရွာအနီး ဟိုခိုကျေးရွာတွင် ရှိသော စစ်ကောင်စီ အထိုင်ချ တပ်စခန်းမှ စစ်သားများက စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဟိုခိုကျေးရွာခံများနှင့် အဆက်အသွယ်ရှိသော နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။
“ဟိုခိုရွာနဲ့ ဒိုးပင်ရွာက တစ်ဆက်တည်းပဲ။ ဟိုခိုမှာ စစ်တပ်စခန်းရှိတယ်။ ဒိုးပင်ရွာနဲ့ ကားလမ်းတစ်လျှောက်မှာက မန္တလေး PDF ဘက်က လုံခြုံရေးအရ စစ်ဆေးတာတွေ ရှိနေတယ်လေ။ ဒီရက်ထဲလည်း စစ်ရေးတင်းမာနေကြတယ်လို့ ကြားတယ်” ဟု ထိုသူက ပြောသည်။
ယခုနှစ်ဆန်းမှ စတင်၍ နောင်ချိုတစ်ဝိုက်တွင် PDF များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
ဇူလိုင်လလယ်မှစတင်၍ ရှမ်းနှင့် မန္တလေးနယ်စပ်တွင် “ကနောင်“ စစ်ဆင်ရေးဟု အမည်ပေးထားသော တိုက်ပွဲများကို မန္တလေးတိုင်း PDF (MDY-PDF) သည် TNLA နှင့်အတူ ပူးတွဲဖော်ဆောင်နေသည်။
ဧပြီလက တစ်လနီးပါး ဖြစ်ပွားသော နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် အရာရှိများ ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၃ တွင် သတင်းထုတ်ပြန်ခဲ့သည်။
နောင်ချိုမြို့အနီး ဇူလိုင်လလယ်မှ စက်တင်ဘာလ ၁၀ ရက်အတွင်း တိုက်ပွဲ ၁၇ ကြိမ်ခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ၂ ဦး၊ စစ်ကြောင်းမှူးနှင့် ဒုစစ်ကြောင်းမှူးတစ်ဦး သေဆုံးခဲ့ကြောင်း PDF က သတင်းထုတ်ပြန်ထားသည်။
MDY-PDF က ထုတ်ပြန်သော ဓာတ်ပုံများတွင် လက်နက်များ၊ ခဲယမ်းများ၊ စစ်ကားအနီး စစ်သားအလောင်းများ၊ အရာရှိအလောင်းပုံတို့ ပါဝင်သည်။
“ကနောင်စစ်ဆင်ရေး” ကို TNLA က ပံ့ပိုးပေးထားကြောင်း PDF ဘက်က ထုတ်ဖော်ပြောဆိုထားပြီး နှစ်ဖက်တိုက်ပွဲတွင် လက်နက်ကြီးများ အပြန်အလှန်ပစ်ခတ်ခဲ့ကာ စစ်တပ်က လေကြောင်းပစ်ကူများလည်း အသုံးပြုခဲ့သည်။
စစ်ရေးကျယ်လာသော မြန်မာနိုင်ငံအလယ်ပိုင်းတွင် မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် PDF လှုပ်ရှားမှုများ ခပ်စိပ်စိပ်ဖြစ်နေပြီး TNLA က ပူးတွဲတိုက်ခိုက်ပေးနေသည်။
မိုးကုတ်မြို့နယ်တွင်လည်း လက်လွှတ်လိုက်လိုက်ရသော စခန်းကုန်းနှစ်ခု ပြန်ရရေး စစ်တပ်က နေ့စဉ် ထိုးစစ်ဆင်နေသောကြောင့် အောက်တိုဘာ ၁၂ မှ ၁၅ ရက်အထိ တိုက်ပွဲများဖြစ်ကာ PDF တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)