ယခုနှစ်ဆန်းကတည်းက စစ်ရေးပြင်းထန်နေသည့် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအစပ်တွင် နှစ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်မှ အရာရှိအဆင့်အပါအဝင် ထိခိုက်သေဆုံးမှု ဆယ်ချီရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မန္တလေးတိုင်းအခြေစိုက်တပ်ရင်းထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အနီး ဇူလိုင်လလယ်မှ စက်တင်ဘာ ၁၀ အတွင်း တိုက်ပွဲ ၁၇ ကြိမ်ခန့် ဖြစ်ပွားခဲ့ရာ ဗိုလ်ကြီး ၂ ဦး၊ စစ်ကြောင်းမှူးနှင့် ဒုစစ်ကြောင်းမှူး တစ်ဦးစီ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း MDY-PDF က ယနေ့ ထုတ်ပြန်သည်။
ထိုတိုက်ပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ ပူးတွဲတိုက်ခိုက်ခဲ့သည်ဟု MDY-PDF ၏ ပြန်ကြားရေးအရာရှိ ကိုအော်စမွန်က Myanmar Now ကို ပြောသည်။
ထိုတိုက်ပွဲများမှာ ၎င်းတို့ သတ်မှတ်ထားသော “ကနောင်စစ်ဆင်ရေး”တွင် ပါဝင်ကြောင်း၊ နှစ်လနီးပါး ကာလအတွင်း မြေပြင်ရင်ဆိုင်တိုက်ပွဲ ၉ ကြိမ်၊ ဒရုန်းအသုံးပြု ဗုံးသီးချတိုက်ခိုက်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သူက ဆိုသည်။
“ဒီစစ်ဆင်ရေးတွေက ကနောင်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဆက်ပြီးတော့ ဖော်ဆောင်နေဦးမှာ ဖြစ်တယ်။ အခုလက်ရှိလည်း ရှေ့တန်းစစ်မျက်နှာပြင်မှာ နှစ်ဖက်ဆိုင်ထားတုန်းပဲ၊ တိုက်ပွဲတွေက ဆက်ပြင်းထန်နေဦးမှာ”
MDY-PDF က ထုတ်ပြန်သော ဓာတ်ပုံများတွင် လက်နက်များ၊ ခဲယမ်းများ၊ စစ်ကားအနီး သေဆုံးနေသော စစ်သားအလောင်းများ၊ အရာရှိအလောင်းနှင့် မှတ်ပုံတင်ကတ် ၁ ကတ် ပါဝင်သည်။
MDY-PDF ၏ စစ်ဦးစီးအဖွဲ့ဝင် ကိုမုန်တိုင်းဆိုသူကလည်း ကနောင်စစ်ဆင်ရေးတိုက်ပွဲများကို TNLA က ထောက်ပံ့ကူညီခဲ့သည်ဟု ပြောသည်။
“ဒီစစ်ဆင်ရေးတွေမှာ TNLA က အပြည့်အဝကို ပူးပေါင်းဆောင်ရွက်ပေးတယ်။ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ပေးနေပါတယ်” ဟု သူက ဆိုသည်။
ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ (၉၉)၊ တပ်မ (၁၀၁) လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သော ခလရ ၂၅၂၊ ခလရ ၂၅၇ နှင့် စကခ-၁ လက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၂) တို့မှ အင်အား ၄၀၀ ခန့် ပါဝင်ခဲ့ပြီး စိန်ပြောင်းကဲ့သို့သော လက်နက်ကြီးများ အဆက်မပြတ် အသုံးပြုခဲ့သည်ဟု သိရသည်။
နွေဦးတော်လှန်ရေးတွင် ပါဝင်သူ PDF လူငယ်လူရွယ်အများအပြားကို စစ်ပညာ လေ့ကျင့်သင်ကြားပေးပြီး စားသောက်နေထိုင်ရေးမှစ၍ လက်နက်တပ်ဆင်နိုင်ရေးပါ ကူညီပေးနေသည်ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဘီဘီစီသတင်းဌာနကို ဧပြီ ၂၂ တွင် ပြောဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ မန္တလေးတိုင်းအခြေစိုက် MDY PDF သည် တပ်ရင်း ၅ ရင်းဖြင့် ဖွဲ့စည်းထားကာ TNLA နှင့်အတူ ပူးတွဲတိုက်ပွဲဝင်နေပြီး မန္တလေးနှင့် ရှမ်းအစပ်တွင် လှုပ်ရှားသည်။
ပြီးခဲ့သည့် ဧပြီလက နောင်ချိုမြို့နယ်အတွင်း တစ်လနီးပါး အပြင်းအထန်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဘက်မှ အရာရှိများအပါအဝင် ထိခိုက်သေဆုံးမှုများရှိခဲ့သလို PDF ဘက်မှလည်း သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
တိုက်ပွဲများ
ယခုနှစ် ဇူလိုင် ၁၅ နံနက် ၃ နာရီခန့်အချိန်တွင် ဆည်တော်ကြီးရေလှောင်တမံအနီး အင်ကြင်းမြိုင်ကျေးရွာ အခြေစိုက် အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှေ့တန်းကာကင်းစခန်းကိုလည်း စီးနင်းခဲ့သည်။
အထက်ပါစီးနင်းတိုက်ခိုက်မှုတွင် ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် ၁၉ ဦး သေဆုံးခဲ့ပြီး PDF တစ်ဦး သေဆုံးခဲ့ကြောင်း၊ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MDY-PDF ထံမှ သိရသည်။
ထိုတိုက်ခိုက်မှုအပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းအတွင်း စစ်ကောင်စီတပ်က အင်အား ၆၀၀ ကျော်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုဒေသတွင်းအထိ တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။
ဩဂုတ် ၄ က နောင်ချိုမြို့အနီးတွင် အရာရှိတစ်ဦးအပါအဝင် အင်အား ၁၅ ဦးပါ စစ်ကားတစ်စီးကို PDF က ချုံခိုတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ အားလုံး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ ရခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရသဖြင့် ထပ်တက်လာသည့် အင်အား ၅၀ ပါ စစ်ကောင်စီတပ်ဖွဲ့တစ်ခုကို နောင်ချိုမြို့နယ်အတွင်း ဩဂုတ် ၁၁ ၊ ည ၉ နာရီအချိန်တွင် မိုင်းဖြင့် တိုက်ခိုက်ရာ စစ်ကြောင်းမှူး အပါအဝင် ၁၀ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
တိုက်ခိုက်ခံရသည့် ထိုတပ်ဖွဲ့က အကူအညီတောင်းခံသည့် မီးကျည်ပစ်ဖောက်ခဲ့ကြောင်း မြေပြင်တပ်ဖွဲ့ဝင်များကို ကိုးကား၍ PDF ဘက်က ဆိုသည်။
ဩဂုတ် ၂၆ တွင် စစ်ကောင်စီတပ်က အင်အားဖြည့်ကာ ထပ်မံထိုးစစ်ဆင်လာသည့်အတွက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၇ ဦးခန့် သေဆုံးသည်ဟု PDF ထံမှ သိရသည်။
စက်တင်ဘာ ၆၊ ညပိုင်းတွင် PDF တပ်ဖွဲ့များကို ဝိုင်းဝန်းပိတ်ဆို့ရန် ကြိုးစားသည့် စစ်ကောင်စီတပ်ကို ပြန်လည် ပိတ်ဆို့ခဲ့သည်၊ နောက်တစ်နေ့ နံနက် ၇ နာရီခွဲခန့်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ကာ စစ်သား ၇ ဦး သေဆုံးခဲ့သလို၊ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။
ဒေသတွင်း တိုက်ပွဲများပြင်းထန်နေရာ စက်တင်ဘာ ၈ တွင် ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေး၊ တောင်နီကျေးရွာအနီးရှိ တာဝါတိုင်ကုန်းသို့ စစ်ကောင်စီတပ်များ ရောက်ရှိနေရာ မွန်းလွဲ ၁၂ နာရီခွဲခန့်မှ ညနေ ၄ နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က စခန်းကုန်းကို လက်လွှတ်ဆုတ်ခွာခဲ့သည်။
ယင်းစခန်းကုန်းအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦး သေဆုံးပြီး၊ ဒဏ်ရာပြင်းထန်သည့် ၆ ဦးကို မိုးကုတ်မြို့ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၊ လက်နက်ခဲယမ်းများ ရရှိခဲ့သော်လည်း PDF တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီတပ်က PDF အခြေချရာနေရာများသို့ ထိုးစစ်ဆင်ခဲ့ပြီး စက်တင်ဘာ ၁၀ တိုက်ပွဲတွင် စစ်တပ် ဒုတိယစစ်ကြောင်းမှူးအပါအဝင် ၃ ဦး သေဆုံးသည်။
တိုက်ပွဲဖြစ်ပွားနေချိန်များတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူမှုများ မရှိသော်လည်း တိုက်ပွဲနယ်မြေမဟုတ်သည့် လူနေကျေးရွာနှစ်ရွာကို လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။
စစ်လေယာဉ်တိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိခဲ့ကြောင်း နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုနားက ကျေးရွာတစ်ခုနား ကျပြီး၊ မြေကြီးတွေ ပွင့်ထွက်သွားတာတော့ရှိတယ်။ ဗုံးက တော်တော်ကြီးတယ်။ လူတော့ ထိခိုက်တာ မရှိခဲ့ဘူး၊ ဒီတစ်ခေါက်တိုက်ပွဲတွေက ရွာတွေနဲ့ ဝေးတယ်လို့ ပြောလို့ရတယ်” ဟု ဒေသခံအမျိုးသားက ဆိုသည်။
“အရင်နှစ်က တိုက်ပွဲတွေကြောင့် ဒီဘက်က ဒေသခံတွေ ထိခိုက်တာ၊ ထွက်ပြေးရတာတွေ ရှိခဲ့ပေမဲ့ ဒီနှစ်က တိုက်ပွဲကြောင့် တိမ်းရှောင်ရမှု မတွေ့ရဘူး”
သို့သော်လည်း ယမန်နေ့ (စက်တင်ဘာ ၁၁) ရက်နေ့က ဟိုခိုကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် အနီးဝန်းကျင်ရှိ အင်းမကျေးရွာအတွင်း စစ်သားများ လာရောက်ပုန်းခိုနေ၍ ရွာခံများ ထွက်ပြေးရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့တစ်ခုက အင်းမကျေးရွာအတွင်း ဝင်ရောက်ပုန်းအောင်းနေသဖြင့် ရွာခံများ ရွာမှ ထွက်ပြေးကြရသည်၊ PDF နှင့် TNLA တပ်များက ကျေးရွာကို ပိတ်ဆို့ထားသည်ဟု ထိုအမျိုးသမီးက ဆိုသည်။
“ဘယ်ဘက်ကနေ တိုက်လာတာလဲတော့ မသိဘူး။ စစ်တပ်ဘက်ကတော့ အယောက် ၃၀ ပဲ ပြန်ပါလာတယ်တဲ့၊ အင်းမရွာထဲကို ဝင်ပြေးလာကြပြီး၊ အဲ့ဒီမှာ နေလိုက်ကြတယ်တဲ့။ ဟိုဘက်ကလည်း ၃ ရက်ဆက်တိုက်ရှိပြီ၊ ဝိုင်းထားတာတဲ့။ ရွာပတ်လည်ကနေ ဝိုင်းထားတော့ မထွက်ရဲဘူး။ သူတို့မထွက်တော့ ရွာခံတွေက ထွက်ပေးလိုက်ရတယ်” ဟု အထက်ပါ အမျိုးသမီးက ရွာခံများကို ကိုးကားပြီး ပြောပြသည်။
“(ရွာခံတွေ) မထွက်လို့မှ မရတာလေ။ PDF ကလည်း ဝိုင်းထားတာ ၃ ရက်ရှိပြီ။ ရွာလူကြီးကလည်း PDF ကို (ဝင်မတိုက်ဖို့) တောင်းပန်ထားတယ်။ စစ်တပ်ဘက် (ရွာထဲရှိ စစ်သားများ) ကိုလည်း သူတို့ လိုက်ပို့ပေးမယ်။ ထွက်ပေးပါဆိုတာကို ရွာထဲကကို မထွက်ရဲတာ။ ရွာထဲက လူကြီးတွေက သူတို့ရွာ မထိရင်ပြီးရော၊ ကားတွေ စီစဉ်ပြီး လိုက်ပို့ပေးမယ်ဆိုတာကို မထွက်ဘူး”
လက်ရှိတွင် အင်းမကျေးရွာလူကြီးများက ရွာအတွင်း တိုက်ပွဲမဖြစ်ပွားစေရေး နှစ်ဖက်တပ်များကို တောင်းဆိုထားပြီး၊ ရံဖန်ရံခါ နှစ်ဖက်ပစ်ခတ်မှုတချို့လည်း ရှိနေကြောင်း၊ စစ်ကောင်စီတပ်သားများ ပစ်ခတ်သည့် ဗုံးသီးများ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်တစ်ခုလည်း ထိခိုက်ထားကြောင်း သိရသည်။
မန္တလေး PDF လှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
မန္တလေးမြို့ပေါ် လက်နက်ကိုင်လှုပ်ရှားမှုများကိုမူ စစ်ကောင်စီက အကြီးအကျယ် တုံ့ပြန်ထားနိုင်သည်ကို တွေ့ရသည်။ မြို့ပေါ်တွင် မြို့ပြပြောက်ကျားများ၊ PDF ထောက်ခံသူဟု ယူဆရသူများကို စစ်ကောင်စီက ဖမ်းဆီးထားသည်။
လက်နက်ကိုင်ခုခံသူတို့ကို စစ်ကောင်စီက အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာသည်။
လက်နက်ကိုင်လိုသည့် လူငယ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA,KIO) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) တို့က နယ်မြေ ခိုလှုံခွင့်ပေးကာ စစ်ပညာသင်ကြားပေးခဲ့သလို နယ်မြေထိစပ်နေသော ဒေသများတွင် အတူ တိုက်ပွဲဝင်နေသည်။
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်သော TNLA အပါအဝင် ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့ကလည်း နွေဦးတော်လှန်ရေးကို ထောက်ပံ့ကူညီနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)