သတင်း

နောင်ချိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရာရှိအဆင့်များပါ သေဆုံး    

ယခုလဆန်းပိုင်းမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် အရာရှိအဆင့် ပါဝင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည့်နည်းတူ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူလည်း အတည်ပြုသည်။

ဧပြီ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ မန္တလေးတိုင်း PDF တပ်ရင်းက နောင်ချိုမြို့နယ် ဟိုခိုရွာအနီး၌ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရက်ပေါင်း ၂၀ နီးပါး ရှိလာပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော် ပြုလုပ်သည်ဟု သိရသည်။

စစ်တပ်က အင်အားရာချီဖြင့် ထိုးစစ်ဆင်နေပြီး တစ်နေကုန်နီးပါးကြာ တိုက်ပွဲဖြစ်သည့်ရက်များလည်း ရှိကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးသူများ အရာရှိအဆင့်များ ပါဝင်ပြီး ၎င်းတို့ဘက်မှ ၁၁ ဦး သေဆုံးသည်ဟု မန္တလေးတိုင်း PDF တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ဆိုသူက ယနေ့ (ဧပြီ ၂၄) ပြောသည်။ 

နောင်ချိုမြို့နယ်၊ တာတိုင်နှင့် ငုက္ခလေးကျေးရွာတို့အကြားရှိ စစ်ကောင်စီ၏ အမှတ် (၁၄၇) စခန်းကို ယခုလ ၂၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စခန်းကုန်း သိမ်းပိုက်ရရှိပြီးနောက် အိမ်စီးကားဖြင့် ရောက်လာသည့် ဒုတိယဗိုလ်မှူးကြီးမြတ်မင်းထွန်း ဆိုသူကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်ဟုလည်း ကိုအော်စမွန်က ပြောသည်။​

“အရာရှိကတော့ ဒုဗိုလ်မှူးကြီးတစ်ယောက်၊ ခလရ ၁၄၇ က၊ ခလရ ၂၅၈ နဲ့၊ ၂၅၃ က ဒုတပ်ခွဲမှူး၊ ဗိုလ်ကြီးနှစ်ယောက် သေဆုံးတယ်။ ဗိုလ်ကြီးတွေကတော့ တိုက်ပွဲတွင်း သေတာ။ ဒုဗိုလ်မှူးကြီးက အိမ်စီးကားနဲ့ လိုက်လာတာ၊ သတင်းရလို့ တားတာ၊ မရပ်ပေး‌တော့ ပစ်ဖမ်းလိုက်ရတယ်”

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ဆယ်နှင့်ချီရှိကာ ၎င်းတို့ဘက်မှလည်း တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကာ သေဆုံးသူများလည်းရှိကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။

“ကျွန်တော်တို့တပ်ဖွဲ့ကလည်း ရဲဘော် ၁၁ ယောက်အထိ အကျအဆုံးရှိခဲ့ပါတယ်”

ဧပြီ ၁၀ ရက်မှစ၍ စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး နေရာမှား ဗုံးကြဲမိ၍ စစ်သားများ ထိခိုက်သေဆုံးသည်လည်းရှိသည်ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအပေါ် သီးခြားအတည်မပြုနိုင်ပေ။ နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် ခုခံတော်လှန်သူများနှင့် ထိတွေ့တိုက်ပွဲများဖြစ်စဉ် ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်လေ့မရှိပေ။ 

စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု အထက်ပါ PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အသေးစိတ်အခြေအနေကိုမူ မသိရပေ။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် အရာရှိများ ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ (ဧပြီ ၂၃) တွင် သတင်းထုတ်ပြန်သည်။​

တိုက်ပွဲများတွင် NUG လက်အောက်ခံ မန္တလေးတိုင်း PDF နှင့်အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရပြီး စစ်ကောင်စီဘက်မှ ခြေလျင်တပ်ရင်းများဖြစ်သည့် ၁၄၇ နှင့် ၂၅၈တို့အပြင် ၅၀၈၊ ၂၀၆၊ ၄၁၉၊ ၁၄ စသည့် ခြေမြန်တပ်ရင်းများလည်း ပါဝင်ပြီး အင်အားရာချီရှိသည်ဟု သိရသည်။
PDF များကို လေ့ကျင့်ပေးပြီး စားသောက်နေထိုင်ရေးမှစ၍ လက်နက်တပ်ဆင်နိုင်ရေးပါ ကူညီပေးနေသည်ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဘီဘီစီသတင်းဌာနကို ယခုလ ၂၂ ရက်နေ့တွင် ပြောဆိုထားသည်။

Show More

Related Articles

Back to top button