သတင်း

မိုးကုတ်မြို့နယ်အတွင်း TNLA,PDF နှင့် စစ်တပ်တို့ တိုက်ပွဲများ နေ့စဉ်ဖြစ်နေ

လက်လွှတ်လိုက်ရသော စခန်းကုန်းများ ပြန်သိမ်းနိုင်ရေး စစ်တပ်က ထိုးစစ်ဆင်နေ၍ မိုးကုတ်နယ်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး မိုးကုတ်ဗျူဟာတပ်ရင်းများမှ PDF တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်  အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ  PDF တပ်ရင်းများက သိမ်းယူထားသော စခန်းနှစ်ခု ပြန်ရရေး စစ်တပ်က ထိုးစစ် ဆင်နေရာ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေသည်။ 

ပြီးခဲ့သည့်စက်တင်ဘာကတည်းက TNLA နှင့် PDF တို့သိမ်းထားသော ညောင်ကုန်းရွာနှင့် ကုန်းစံကျေးရွာ အနီးစစ်တပ်စခန်းကုန်းနှစ်ခုကို ပြန်ရနိုင်ရေးအတွက် စစ်ကောင်စီဘက်က နေ့စဉ်ထိုးစစ်ဆင်နေရာ အောက်တိုဘာ ၁၂ မှ ယနေ့ (အောက်တိုဘာ ၁၅) အထိ တိုက်ပွဲပြင်းထန်နေသည်။

အောက်တိုဘာ ၁၂ တွင် မိုးကုတ်မြို့အရှေ့ဘက် ညောင်ကုန်းကျေးရွာအနီး TNLA, PDF စခန်းချရာနေရာများသို့ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၄၄၊ ၈၈၊ ၁၀၂၊ ၁၀၄) လက်အောက်ခံ အင်အား ၂၀၀ ဝန်းကျင်ဖြင့်  စတင် ထိုးစစ်ဆင်ခဲ့သည်။ယင်းနေ့ မွန်းတည့်မှ ည‌နေ ၆ နာရီခန့်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း PDF နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

တိုက်ပွဲများသည် ယမန်နေ့ (အောက်တိုဘာ ၁၄) တွင်လည်း တစ်နေကုန်နီးပါး ပြင်းထန်ခဲ့ပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားနေကြောင်း နယ်မြေခံ PDF တပ်ရင်းမှူးတစ်ဦးက ပြောသည်။ 

“ စစ်ရေးအခြေနေကတော့ အခုလည်း တွယ်နေတာ။ သူတို့နဲ့ အရမ်းကပ်နေတယ်။ အရင် နေရာဟောင်းပဲ ပြန်တိုက်နေတာ”  မိုးကုတ်အခြေစိုက် အမှတ် (၁၂၂၃) တပ်ရင်းမှ တပ်ရင်းမှူး ကိုလရောင်က ယနေ့ နံက်က Myanmar Now ကို ပြောသည်။

TNLA က ပူးပေါင်းတိုက်ခိုက်ပေးနေပြီး လက်ရှိအချိန်အထိ သိမ်းထားသော စခန်းကုန်းများ ဆုံးရှုံးခြင်း မရှိသေး ကြောင်း ကိုလရောင်က ဆိုသည်။ 

အောက်တိုဘာ ၁၄ ရက်တိုက်ပွဲများအတွင်း အမှတ် (၁၂၂၁ ) တပ်ရင်းမှ PDF  ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း ထိုတပ်ရင်းက ယမန်နေ့ညက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

၄ ရက်တာ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး Myanmar Now အနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။

“မိုးလုံးမှိုင်း” စစ်ဆင်ရေးဟု  အမည်ပေးထားသော မိုးကုတ်စစ်ဗျူဟာ PDF တပ်ရင်း ၁ (အမှတ် ၁၂၂၁)၊ တပ်ရင်း ၃ (အမှတ် ၁၂၂၃)နှင့် TNLA ပူးပေါင်းတပ်များက စစ်ဆင်ရေးအစ စက်တင်ဘာလအတွင်းမှာပင် မြို့အရှေ့ဘက် ညောင်ကုန်းကျေးရွာအနီး စစ်ကောင်စီတပ်စခန်း နှစ်ခုကို သိမ်းပိုက်ခဲ့သည်။

-မိုးကုတ်ဗျူဟာလက်အောက်ခံတပ်ရင်းမှ  PDF ရဲဘော်တစ်ဦး။ ( ဓာတ်ပုံ- တပ်ရင်း ၁၂၂၃)

ယနေ့ တိုက်ပွဲကြောင့် အထက်ညောင်ကုန်းရွာနှင့် အောက်ညောင်ကုန်းရွာမှ ဒေသခံ ၅၀၀ ကျော်သည် တိုက်ပွဲနှင့် ဝေးရာ တောင်ယာများနှင့် မိုးကုတ်မြို့ပေါ်ကို တိမ်းရှောင်နေကြရကြောင်း ကုန်းစံရွာခံ အမျိုးသားတစ်ဦးက ပြော သည်။

“ ဒီနေ့ နေ့လယ်က ညောင်ကုန်းရွာကလူတွေ (မိုးကုတ်)မြို့ပေါ်ကို ရှောင်လာကြပြီ။ တချို့လည်း တောင်ယာဘက် ပြေးတာရယ် ဆွေမျိုးရှိတဲ့ ရွာတွေဘက် ပြေးကုန်ကြပြီ။ မြို့ပေါ်မှာတော့ စစ်တပ်က ရွာဘက်ကို လက်နက်ကြီး တွေနဲ့ နေရော ညရော ပစ်နေတာပဲ” ဟု ဆိုသည်။

အလားတူ ကုန်းစံကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်က ရွာအနီး သွားလာလှုပ်ရှားနေမှု ရှိ နေသောကြောင့်ကုန်းစံရွာခံ လူဦးရေ ၃၀၀ ကျော်သည်လည်း နီးစပ်ရာ ဆွေမျိုးများနှင့်မိုးကုတ်မြို့ပေါ်သို့ လာ ရောက်ခိုလှုံနေသည်မှာ တစ်လနီးပါးရှိပြီဖြစ်သည်။

စက်တင်ဘာလဆန်းတည်းက စတင်ခဲ့သည့် မိုးကုတ်နယ်တိုက်ပွဲများအတွင်း  စစ်ကောင်စီဘက်က လေကြောင်း ၊ လက်နက်ကြီးများနှင့် လူနေကျေးရွာအတွင်း ပစ်ခတ်ခဲ့သောကြောင့် ကုန်းစံရွာနှင့်ညောင်ကုန်းရွာများမှ  ၅ နှစ် အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာလည်း TNLA နှင့် မန္တလေးအခြေစိုက် PDF တပ်များ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်နေကာ ဒေသတွင်း စစ်ရေး ပြင်းထန်နေသည်။

အပစ်ရပ် (NCA) လက်မှတ်ထိုးသည့် ၈ နှစ်ပြည့်အခမ်းအနားကို စစ်ခေါင်းဆောင်က ယနေ့ ကျင်းပနေပြီး မိုးကုတ် နှင့်နောင်ချိုတိုက်ပွဲများက နေ့စဉ်ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button