သတင်း

မိုးကုတ်နှင့် နောင်ချိုတွင် စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေဟု PDF ပြော

မန္တလေးနှင့် ရှမ်းပြည်နယ်စပ် အခြေစိုက် PDF တပ်ရင်းများနှင့် TNLA က ပူးပေါင်းကာ “မိုးလုံးမှိုင်း” စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ယမန်နေ့ (အောက်တိုဘာ ၁၂) က မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကာ ၎င်းတို့ဘက်မှ တအာင်းတပ်မတော် (TNLA) ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ နယ်မြေခံတပ်ရင်းမှူးက ပြောသည်။

မိုးကုတ်မြို့အရှေ့ဘက် ညောင်ကုန်းရွာအနီး TNLA/PDF စခန်းချရာနေရာသို့ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် နေ့လယ်မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု မိုးကုတ်အခြေစိုက် အမှတ် (၁၂၂၃) PDF တပ်ရင်းမှ တပ်ရင်းမှူး ကိုလရောင်ဆိုသူက ပြောသည်။ 

“ရန်သူက အင်အားဖြည့်ပြီးတော့ ကျွန်တော်တို့ရှိတဲ့နေရာတွေကို ထိုးလာတဲ့အတွက် ထိတွေ့မှု ထပ်ဖြစ်တာပါ။ အတော်လည်း တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ လက်နက်ကြီးတွေကလည်း တစ်နေကုန် ထုနေတာ”

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း TNLA/PDF ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ စစ်တပ်က ညောင်ကုန်းရွာနှင့် ကုန်းစံကျေးရွာတို့အနီးရှိ အခြေစိုက်စခန်းကုန်း နှစ်ခုကို လက်လွှတ်ခဲ့ရသဖြင့် မူလအင်အား ၁၀၀ မှ ၂၀၀ ထပ်ဖြည့်၍ စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့ မွန်းတည့်မှ ည‌နေ ၆ နာရီခန့်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း PDF နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်သူဘက်မှ အထိအခိုက်ကို မသိရကြောင်း ကိုလရောင်က ပြောသည်။

NUG လက်အောက်ခံ မိုးကုတ်စစ်ဗျူဟာ၏ PDF တပ်ရင်း ၁ (အမှတ် ၁၂၂၁) နှင့် တပ်ရင်း ၃ (အမှတ် ၁၂၂၃) တို့သည် TNLA နှင့် ပူးပေါင်းပြီး “မိုးလုံးမှိုင်း” စစ်ဆင်ရေးအမည်ဖြင့် မန္တလေး-ရှမ်း နယ်စပ်တွင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထိုစစ်ဆင်ရေးစတင်ကတည်းက ကုန်းစံကျေးရွာအနီးရှိ စစ်တပ်စခန်းကုန်းနှစ်ခုကို TNLA, PDF တို့က သိမ်းပိုက်ခဲ့ပြီး စစ်တပ်ကလည်း ပြန်လည်ရရှိရေး ကြိုးပမ်းနေသဖြင့် ထိုနေရာအနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။

မိုးကုတ်မြို့နှင့် တစ်ဆက်တည်းဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်လည်း TNLA နှင့် မန္တလေးအခြေစိုက် PDF တပ်များကလည်း စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်နေပြီး အောက်တိုဘာ ၉ ရက်ကလည်း တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့သည်ဟု PDF-MDY ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။

“လတ်တလောကတော့ ရန်သူ့ဘက်က ၆ ယောက် သေဆုံးတယ်။ ရန်သူ့လက်နက်ခဲယမ်းအများအပြားကို ကျွန်တော်တို့ဘက်က သိမ်းဆည်းထားနိုင်ပါတယ်”

စစ်ကောင်စီကို တိုက်နေသည့် တိုက်ပွဲများကို TNLA နှင့်အတူ ဖော်ဆောင်နေခြင်းဖြစ်ပြီး၊ လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် သတင်းအချက်အလက်လုံခြုံမှုအခြေအနေအရ အသေးစိတ်များ ထုတ်ပြန်ဦးမည်မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

NUG လက်အောက်ခံ မန္တလေးတိုင်းအခြေစိုက် MDY PDF သည် တပ်ရင်း ၅ ရင်းဖြင့် ဖွဲ့စည်းထားကာ TNLA နှင့်အတူ ပူးတွဲတိုက်ပွဲဝင်နေပြီး မန္တလေးနှင့် ရှမ်းအစပ်တွင် လှုပ်ရှားသည်။

PDF နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် TNLA သည် မန္တလေးမြို့မှ နာရီအနည်းငယ်အတွင်း သွားရောက်နိုင်သည့် မိုးကုတ်၊ နောင်ချို စသည့် မြို့နယ်များတွင် လှုပ်ရှားလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button