
“ကျားဖြန့်” ဟု အလွယ်ခေါ်ကြသည့် အွန်လိုင်းငွေကြေးလိမ်ဂိုဏ်းများနှင့် ဆက်စပ်သံသယဖြင့် တရုတ်က ဖမ်းထားသည့် ကိုးကန့်သူဌေး ၁၁ ဦး လွတ်မြောက်ရေး အကူအညီပေးရန် မိသားစုဝင်များက စစ်ကောင်စီကို မကြာသေးမီက တောင်းဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရွေးစင်ခရိုနီ ၁၀၀ စာရင်းသွင်းထားသူ၊ ကိုးကန့်ထိတ်ထိတ်ကြဲသူဌေးကြီး ဦးမောင်မောင်အပါအဝင် ကိုးကန့်သူဌေး ၁၁ ဦး အောက်တိုဘာ ၁ ရက်နေ့ကတည်းက အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ဦးမောင်မောင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်လောင်းလည်း ဖြစ်သည်။
၎င်းတို့သည် မြန်မာနှင့် နယ်နိမိတ်ချင်း ဆက်နေသည့် ယူနန်ခရိုင် လင်ချန်းမြို့သို့ ကုန်သွယ်ရေးပြပွဲတစ်ခုအတွက် ရောက်နေကြစဉ် တရုတ်ရဲတို့က ဖမ်းဆီးခဲ့သည်။ တရုတ်က တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ကျားဖြန့်ဂိုဏ်းများနှင့် ပတ်သက်သည့် သံသယဖြင့် ဖမ်းခံရသည်ဟု Myanmar Now က နားလည်ထားသည်။

“ကျားဖြန့်” ဆိုသည်က အင်တာနက် (သို့) တယ်လီဖုန်း စသည်တို့မှတစ်ဆင့် လောင်းကစားအပါအဝင် ငွေကြေးလိမ်လည်သည့် လုပ်ငန်းဖြစ်သည်။ ကိုးကန့်သူဌေးတို့ ပိုင်ဆိုင်သည့် လောက်ကိုင်မှ ဟိုတယ်နှင့် လောင်းကစားရုံများတွင် ကျားဖြန့်ဂိုဏ်းများ အခြေစိုက်ပြီး တရုတ်နိုင်ငံသားများကို လူကုန်ကူးခြင်း၊ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းအလုပ်ခိုင်းစေခြင်း၊ တရုတ်တို့ကို ဦးတည်လိမ်လည်ခြင်း အစရှိသည့် တိုင်ကြားမှုများကြောင့် တရုတ်အစိုးရက လောက်ကိုင်ကျားဖြန့်ဂိုဏ်းများကို နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ကာ ဖြိုခွဲနေသည်။
ဦးမောင်မောင်နှင့်အတူ ဖမ်းဆီးခံရသည့် “ရန်လောက်ဟွာ” ဆိုသည့် ကိုးကန့်သူဌေး၏ မိသားစုက ဖမ်းဆီးခံရသူ ၁၁ ဦးလုံး တရုတ်လက်မှ လွတ်ရေး စစ်ကောင်စီက တရုတ်အစိုးရထံ အရေးဆိုပေးရန် တောင်းဆိုထားသည်ဟု စစ်ကောင်စီအာဘော်များကို ဖော်ပြသည့် နေပြည်တော်အခြေစိုက် People Media အွန်လိုင်းစာမျက်နှာက အောက်တိုဘာ ၉ ရက်နေ့တွင် ရေးသားသည်။
ကိုးကန့်သူဌေးတို့၏ မိသားစုဝင်များက နေပြည်တော်ရှိ စစ်ကောင်စီထံ တိုက်ရိုက်တောင်းဆိုနေသလို စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ကလည်း ယူနန်ပြည်နယ်အုပ်ချုပ်ရေးအရာရှိများထံ တောင်းဆိုထားသည်ဟု မြန်မာ-တရုတ် နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။
ကိုးကန့်သူဌေးတို့ တရုတ်လက်ထဲ ရောက်နေသည်မှာ ၁၀ ရက် ကြာပြီဖြစ်သော်လည်း စစ်ကောင်စီနှင့် တရုတ်အစိုးရ နှစ်ဖက်စလုံးက အသံတိတ်နေခဲ့သည်။
Myanmar Now က ရရှိထားသည့် တရုတ်လက်ထဲရောက် ၁၁ ဦးစာရင်းတွင် “ရန်လောက်ဟွာ” ဆိုသည့်အမည်ကို မတွေ့ရဘဲ အနီးစပ်ဆုံးတူညီသည့် “ရန်လောက်ပီ” (ခ) “ပိဟွေကျွင်း” ဟူသည့်အမည်ကိုသာ တွေ့ရသည်။ ကိုးကန့်သူဌေးတို့တွင် မြန်မာ-ကိုးကန့်-တရုတ် စသည့် အမည်အမျိုးမျိုးရှိကြပြီး ဘာသာစကားများအကြား အသံဖလှယ်ရာတွင် ရှုပ်ထွေးမှုများလည်း ရှိကြသည်။
“ရန်လောက်ပီ” (ခ) “ပိဟွေကျွင်း” အပြင် အခြားဖမ်းဆီးခံရသူများမှာ ဝေချင်းထောင်၊ လျိုကျိန်းချီ၊ တိန်ကျီးတာ၊ ကျိုရှောက်ခိုက်၊ ဝင်းချောက်နိန်း၊ စူးဟုန်းရှန်း၊ လီအားဖူး၊ လျိုစွတ်နိန်း၊ ခွေးစောက်ပန်း ခေါ် ချဲအိုက်ဟွာ၊ ဝီလင်းကော် တို့ဖြစ်ကြောင်း တရုတ်ရဲက စစ်ကောင်စီကို အကြောင်းကြားသည့် စာထဲတွင် ပါဝင်သည်။
၎င်းတို့ ၁၁ ဦး ဖမ်းဆီးခံရပြီး သီတင်းတစ်ပတ်အကြာ အောက်တိုဘာ ၇ ရက်နေ့တွင် ကိုးကန့်၊ လောက်ကိုင် အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရန် စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်များက သဘောတူခဲ့ရပြီး သံသယရှိသူ ၃၈၀ နီးပါးကို တရုတ်ထံ အပ်ခဲ့ရသည်။

မြန်မာနိုင်ငံအရှေ့မြောက် တရုတ်နှင့် နယ်စပ် ကိုးကန့်ဒေသရှိ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်များထဲတွင် အဓိကအားဖြင့် စစ်ကောင်စီကို ထောက်ခံသည့်အဖွဲ့နှင့် ဆန့်ကျင်သည့်အဖွဲ့ ဟူ၍ နှစ်ဖွဲ့ရှိသည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုက MNDAA အမည်ဖြင့် လှုပ်ရှားနေပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို လက်နက်နှင့် စစ်သင်တန်းပေးခြင်း၊ ကချင်တပ် KIA, တအာင်းတပ် TNLA, ရခိုင်တပ် AA တို့နှင့် ပေါင်းကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီကို ထောက်ခံသည့်အင်အားစုက ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စသည့် အမည်များဖြင့် ဒေသတွင်းတွင် အဓိကကျသည့် လောက်ကိုင်ကို ထိန်းချုပ်ခွင့်ရထားသည်။ ထိုအဖွဲ့များထိန်းချုပ်ရာ လောက်ကိုင်သည် အဆင့်မြင့်ဟိုတယ်များ၊ ကာစီနိုလောင်းကစားဝိုင်းများနှင့် ကျားဖြန့်ဂိုဏ်းများ ကျက်စားရာ လောင်းကစားမြို့တော်အဖြစ် ထင်ရှားသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့ကလည်း လောက်ကိုင်ရှိ ဟိုတယ်တစ်ခုတွင် လူကုန်ကူးခံရသည့် ရုရှားနိုင်ငံသူနှစ်ဦးကို စစ်ကောင်စီက ကယ်ထုတ်ပြီး ရုရှားသို့ ပြန်ပို့ရန် စီစဉ်ခဲ့ရသည်။
တရုတ်၏ဖမ်းဆီးခံ ကိုးကန့်သူဌေး ၁၁ ဦးသည် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်များနှင့်လည်း ဆက်နွှယ်ကြသူများ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)