သတင်း

သရက်ချောင်းမြို့နယ် အနောက်ခြမ်းရွာများကို စစ်တပ်ပိတ်ဆို့ထား

နိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အနောက်ဘက်ခြမ်း ကပ္ပလီပင်လယ်ကမ်းစပ်ရှိ ကျေးရွာများကို အမည်းရောင်နယ်မြေဟု သတ်မှတ်ပြီး စစ်ကောင်စီတပ်က လနှင့်ချီ တပ်စွဲပိတ်ဆို့ကာ အကြိမ်ကြိမ်ဝင်မွှေနေကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် သုံးလကျော် ဇူလိုင်ကတည်းက မကြာခဏ စစ်ကြောင်းထိုးသဖြင့် ရငဲ၊ ကနက်သီရီ၊ ဝဲရစ်၊ ကမြိုင်၊ ကျွဲမင်းကုန်းနှင့် ကျောက်ခမောက်ကျေးရွာမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း၊ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ဒေသခံတို့ ပြန်လည်အခြေမချနိုင်သေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရငဲကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

သရက်ချောင်းမြို့အခြေစိုက် အမှတ် ၄၀၃ နှင့် ၄၀၄ ခြေမြန်တပ်ရင်းနှစ်ခုမှ စစ်ကောင်စီတပ်သားများက ရငဲရွာထိပ် မြွေတောင်တွင် တပ်စွဲထားသည်၊ လူသူလှုပ်ရှားမှုတွေ့သည်နှင့် လက်နက်ကြီးနှင့် ရမ်းသန်းပစ်ခတ်၍ စစ်ကြောင်းထိုးလေ့ရှိပြီး ယမန်နေ့ (အောက်တိုဘာ ၉) နေ့လယ်တွင် ရငဲရွာထဲ ဝင်ရောက်ကာ အိမ်တစ်လုံးကို မီးထပ်ရှို့သွားသည်ဟု ၎င်းက ဆိုသည်။

ကျေးရွာမြောက်ဘက် ၄ မိုင်ခွဲအကွာ မင်းဒပ်ရွာဘက်မှ တောလမ်းအတိုင်း လက်နက်ကြီးများပစ်ခတ်ကာ ရငဲရွာသို့ ဝင်ရောက်ပြီး ရွာနီးချုပ်စပ်ကျေးရွာများကို ဝင်မွှေကာ ယနေ့တွင် မြိတ်-ထားဝယ်ကားလမ်းအနီး ကတွဲကျေးရွာဘက်ကို ဦးတည်ထွက်ခွာသွားကြောင်း သူက ဆိုသည်။ 

“(စစ်တပ်က) ပြောလိုက်ရင် အမည်းရောင်နယ်မြေ၊ ဘယ်သူမှ မနေနဲ့၊ နေတဲ့သူ အကုန်ပစ်သတ်မယ်၊ မီးရှို့မယ်၊ အဲ့ဒီလိုပဲပြောတာ။ တကယ်လည်း ပစ်တာနော်။ ပစ်လို့ရှိရင် လက်နက်ငယ်တွေနဲ့ မပစ်ဘူး၊ အနည်းဆုံး ၆၀ မမလက်နက်ကြီးတွေနဲ့ပဲပစ်တာ” ဟု ရငဲရွာခံက ဆိုသည်။

ယခင်က တနင်္သာရီတိုင်းတွင် ကြည်းတပ်နှင့် ရေတပ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ဖူးသည်။ (ဓာတ်ပုံ – cincds)

စစ်တပ်ရန်ကို ကြောက်သဖြင့် အိမ်ခြေ ၁၆၀၀ ကျော်ရှိသည့် ရငဲရွာတွင် လူသူကင်းမဲ့သွားပြီး နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများထံတွင် လနှင့်ချီကြာ ခိုကပ်နေရကြောင်း၊ လူသူမနေတော့သည့် နေအိမ်များကို စစ်သားများက ဖောက်ထွင်းမွှေနှောက်ပြီး ပစ္စည်းများယူဆောင်ကြကြောင်း သူက ဆက်ပြောသည်။

“အိမ်လုံးတိုင်း အကုန်ဖောက်တယ်။ ကျွန်တော်တို့အိမ်ဆိုရင် ဆိုင်ကယ်ပါတယ်။ လက်တော့တွေပါတယ်။ အကုန် မတာ။ နောက်ဆုံးအဆင့် ရေခဲသေတ္တာကအစ မတာ၊ ကျွန်တော်တို့ရွာမှာ လူနေမှုအဆင့်အတန်းက နည်းနည်းလေးမြင့်တယ်။ ဆိုင်ကယ်တွေဆိုရင်လည်း အကုန်ယူသွားတယ်” ဟု သူက ဆက်ပြောသည်။

ထိုရွာများကို စစ်တပ်က စစ်ကြောင်းထိုးခြင်းမှာ ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းရရှိရန်သာဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီရွာကို စစ်ကြောင်းထိုးတာက အဓိကက တိုက်ပွဲဖြစ်တယ်ဆိုတာထက် ဒီရွာကို ဝင်ရင် ဘယ်လောက်ရလဲ ဆိုတဲ့အပေါ်မှာပဲ အဓိကကျမယ်လို့ထင်တယ်” ဟု သူက ဆိုသည်။

အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့် ရငဲရွာထိပ်သည် ရွာနီးချုပ်စပ်ကျေးရွာများ ဝင်ထွက်သွားလာရန် အခရာကျသည့် ကုန်းလမ်းထွက်ပေါက်ဖြစ်ကြောင်း၊ သရက်ချောင်းမြို့နီးပါး စည်းကားသည့် ရငဲရွာသည် ရွာပျက်ကြီးသဖွယ်ဖြစ်နေကာ ရွာနီးချုပ်စပ်ကျေးရွာတွင်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် အများအပြားရှိနေကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် မြန်မာနိုင်ငံတောင်ပိုင်း

အောက်တိုဘာ ၆ ရက်နေ့က ရငဲရွာမြောက်ဘက်ရှိ ဝင်းဝရွာနှင့် ပဲဒပ်ကျေးရွာကြား စစ်တပ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ်က ရွာနီးချုပ်စပ်ကျေးရွာများကို ဖိနှိပ်ခြင်းဖြစ်နိုင်ကြောင်း ဒေသအခြေစိုက် ပုတီးတစ်လုံးအမည်ရ ပြောက်ကြားတပ်ဖွဲ့ ပြောခွင့်ရ ရွှေဒေါင်းဆိုသူက ပြောသည်။

“အဲ့ဒီနားတစ်ဝိုက် ပြည်သူတွေကိုပဲ ပစ်မှတ်ထားသလိုဖြစ်နေတာပေါ့။ PDF ဘက်ကို မထောက်ခံအောင်၊ ပြည်သူတွေက ကြောက်ပြီးတော့ သူတို့ဘက်ကို ပါလာအောင်လုပ်တာလို့ ယူဆရတယ်” ဟု သူက ဆိုသည်။ 

သရက်ချောင်းမြို့နယ်အတွင်း ထိုတိုက်ခိုက်မှုနှင့်အပါဝင် စစ်ဘေးရှောင်နေရသူများအခြေအနေ၊ စစ်ကောင်စီ၏ လက်နက်ကိုင်တို့က ရွာသူရွာသားတို့၏ ပစ္စည်းများ ခိုးယူနေသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ခရီးထွက်နေ၍ ထိုသတင်းကို မသိသေးကြောင်း တုံ့ပြန်သည်။

ထားဝယ်၊ လောင်းလုံးမြို့တို့နှင့် ကပ်လျက်တည်ရှိသော သရက်ချောင်းမြို့နယ်သည် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသောဒေသတစ်ခုဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ကလည်း လှုပ်ရှားနေသည်။

သရက်ချောင်းမြို့နယ်ကို ဖြတ်သန်းသွားသည့် ရေး၊ ထားဝယ်၊ မြိတ်မြို့နယ်တို့ကို ဆက်သွယ်သည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များကို စစ်ဆေးမည်၊ စစ်ကောင်စီနှင့် ပတ်သက်သည့် လူနှင့် ပစ္စည်းများ မတင်ဆောင်ရဟု ပြီးခဲ့သည့် ဇွန်လတွင် KNU/KNLA က သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button