သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့ ကုန်းကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်တို့ ဇွန် ၈ ရက်မှစတင်၍ တိုက်ပွဲဆက်နေပြီး ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိကြောင်း၊ ဒေသခံထောင်ချီ စစ်ရှောင်နေရကြောင်း သိရသည်။ 

အင်အားရာဂဏန်းရှိ စစ်ကောင်စီ လက်နက်ကိုင်တို့သည် အမှတ် (၈) မြိတ်-ထားဝယ်လမ်းဘေး မင်းဒပ်နှင့် ဝင်းဝရွာ အထိုင်စခန်းမှ စတင်ထွက်ခွာလာပြီး ကမြိုင်နှင့် ဝဲရစ်ရွာကြား တောလမ်းဖြတ်ကာ ပင်လယ်ကမ်းစပ်အနီး ကနက်သီရီကျေးရွာကို ဦးတည်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ 

ဇွန် ၈ တွင် ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ထိခိုက် ကျဆုံးမှု ရှိခဲ့ပြီးနောက် ကုန်းလမ်း၊ ရေလမ်းမှ အင်အားဖြည့်တင်းကာ စစ်ကြောင်းဆက်ထိုးနေခြင်း ဖြစ်ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ ပြောခွင့်ရ ရွှေဒေါင်းက Myanmar Now ကို ပြောသည်။ 

“ကနက်သီရီရွာမှာ ပြည်သူနှစ်ဦးကို ပစ်သတ်လိုက်တယ်ဆိုပြီး သတင်းရတယ်။ အိမ်တွေကို မီးရှို့တယ်။ အခုဆိုရင် ပင်လယ်ထဲကနေပြီး စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ထုတယ်။ အဲ့ဒါပြီးတော့ အနီးအနားမှာရှိတဲ့ ကျွဲမင်းကုန်းရွာကို ဝင်ပြီး ပြည်သူတွေကို ဖမ်းဆီး နှိပ်စက် စစ်ဆေးနေတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ကနက်သီရီရွာကို ကုန်းလမ်းကြောင်းမှ စစ်ကြောင်းဝင်နေချိန် ပင်လယ်ပြင်အတွင်း ကျောက်ချထားသည့် စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း ၎င်းက ဆိုသည်။ 

“သင်္ဘောက ကမ်းဘက်ကို အရမ်းကပ်လို့မရဘူးဗျ၊ ရေနည်းနည်းတိမ်တော့လေ။ အဲ့ဒါကြောင့် ရေလယ်ကနေပြီးတော့ ကျွန်တော်တို့ဘက်ကို ထုတယ်။ ကနက်သီရီရွာကို ထုတယ်။ အခုချိန်ထိ ဆက်တိုက်ပဲ။ ကုန်ကြောင်းလည်း ရှိနေတုန်းပါပဲ” ဟု ၎င်းက ယနေ့မနက်ပိုင်းတွင် ပြောသည်။ 

ယနေ့ (မေလ ၁၁ ရက်) မနက်ပိုင်းတွင် ကနက်သီရီရွာတွင် သုံးရက်ကြာ အထိုင်ချပြီးနောက် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ အနောက်ဘက်ရှိ ရငဲရွာဘက်ကို ပြန်ဝင်နေသည်၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အမှတ် (၈) လမ်းမကြီး ဝန်းကျင်တွင် လှုပ်ရှားနေ၍ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်းလည်း ရွှေဒေါင်းက ပြောသည်။

စစ်ကြောင်းဝင်ရောက်လာချိန်မှစ၍ ကနက်သီရီ၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်းနှင့် ကျောက်ခမောက် ကျေးရွာ ၆ ခုမှ ဒေသခံ ၈,၀၀၀ ထက်မနည်း ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟုလည်း သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ကနက်သီရီကျေးရွာသို့ ဝင်ရောက်စဉ် နေအိမ်အချို့ကို မီးရှို့သလို ဒေသခံ ၃၀ ဦးကို စစ်တပ်က ဖမ်းဆီးကာ စစ်ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး လူသားဒိုင်းအဖြစ် ထိန်းသိမ်းထားသည်ဟု သိရကြောင်း စစ်ဘေးရှောင်ဒေသခံများကို ကိုးကား၍ ၎င်းက ဆိုသည်။

“စစ်သင်္ဘောနဲ့ ပစ်တာမျိုးက အရင်က မဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာက တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားလည်း မရှိဘူး။ တိုက်ပွဲဖြစ်ဖို့ကလည်း အတော်လေးမလွယ်တဲ့ကိစ္စပေါ့” ဟု ၎င်းက ဆိုသည်။

“ဒီတစ်ခါကတော့ တော်တော်လေး စိတ်မကောင်းစရာပဲ။ သင်္ဘောလည်း သုံးလာတယ်။ နောက်ပြီးတော့ ပြည်သူတွေက စစ်ဘေးရှောင်ရရင် ကုန်းပေါ်က ပြေးရတာမဟုတ်ဘူး။ ပင်လယ်ကြီးထဲကို ဖြတ်ပြီးတော့ ပြေးနေရတာ”

အိမ်ခြေ ၂,၀၀၀ ကျော်ရှိသည့် ကနက်သီရီရွာတွင် သက်ကြီးရွယ်အိုများမှလွဲ၍ ရွာသားများအားလုံး ထွက်ပြေးနေရပြီး အခြားကျေးရွာများမှာလည်း မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။

ကျေးရွာများသို့ စစ်ကြောင်းဝင်စဉ် ရွာ ၆ ရွာမှ နေအိမ် ၁၀ လုံးကို ​မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကနက်သီရိနှင့် အခြားရွာများတွင် ဒေသခံတို့ကို သတ်ဖြတ်သည်၊ နေအိမ်များကို မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

ကနက်သီရိရွာသည် ပင်လယ်ထွက်ပေါက်မှလွှဲ၍ ကုန်းလမ်းတစ်ခုသာ ရှိပြီး စစ်တပ်ရောက်ရှိသွားချိန် ပြည်သူ့ကာကွယ်အဖွဲ့များက ပိတ်ဆို့ထားခြင်းကြောင့် ရေလမ်းကြောင်းမှ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သရက်ချောင်းဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထားဝယ်၊ လောင်းလုံမြို့တို့နှင့် ကပ်လျက်တည်ရှိသော သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲများတွင် လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်ရှောင်နေသူများ ထိခိုက်ဒဏ်ရာရကြောင်း၊ မိုးထဲရေထဲ ပြေးလွှား စစ်ရှောင်နေရသဖြင့် စားဝတ်နေရေး အကြီးအကျယ် ခက်ခဲနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ယမန်နေ့ ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ရငဲကျေးရွာမှ စစ်ဘေးရှောင်နေသည့် အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်း ကျန်းမာရေးမကောင်းသည့် မိခင်အတွက် ဆေးဝါးပြန်ယူစဉ် စစ်ကောင်စီတပ်နှင့် တွေ့ကာ ပစ်သတ်ခံရသည်ဟု ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ ပြောခွင့်ရ ရွှေဒေါင်းက ဆိုသည်။

တိုက်ပွဲများ ပြင်းထန်နေချိန်တွင် သရက်ချောင်းမြို့နယ်ကို ဖြတ်သန်းသွားသည့် ရေး၊ ထားဝယ်၊ မြိတ်မြို့နယ်တို့ကို ဆက်သွယ်သည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များကို စစ်ဆေးမည်၊ စစ်ကောင်စီနှင့် ပတ်သက်သည့် လူနှင့် ပစ္စည်းများ မတင်ဆောင်ရဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) က ဇွန် ၁၀ ရက် နေ့စွဲဖြင့်  သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button