စစ်ကောင်စီတပ် စီးနင်းမီးရှို့သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် ကပ်လျက်တည်ရှိသော ရွာတစ်ရွာတွင် မြေးအဘွားနှစ်ဦး သတ်ဖြတ်ခံရပြီး ရွာထဲ ကျန်နေသော အမျိုးသား ၄ ဦးနှင့်လည်း အဆက်အသွယ်ပြတ်တောက်နေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ ကျော်ဝန်းကျင် စစ်သားများက မြို့အနောက်တောင်ပိုင်းရှိ စက္ကန့်ကျေးရွာမှ ၆၇ နှစ်အရွယ် အဘွားဖြစ်သူ Nu Ngaih Hnem နှင့် ၁၄ နှစ်အရွယ် မြေးဖြစ်သူ Salai Van Bwai Mang တို့ကို သတ်ဖြတ်လိုက်သည်၊ စိတ်ကျန်းမာရေးချို့ယွင်းနေသူ အမျိုးသား ၂ ဦး၊ ကျန်းမာရေးမကောင်းသည့် သက်ကြီးအမျိုးသား ၂ ဦးတို့ ရွာအတွင်း ပိတ်မိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ဇီးချောင်းဘေး ကပ်လျက်ရှိသော၊ ဒေသခံအများစု စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသော စက္ကန့်ရွာအတွင်း စစ်သားများ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများ စီးနင်းသည့်နေ့က ညနေပိုင်းမှာပင် ထိုမြေးအဘွားနှစ်ဦး၏ မီးသင့်ရုပ်ကြွင်းများကို ၎င်းတို့၏ခြံ၌ တွေ့ရှိခဲ့သည်ဟု ဒေသတွင်းလှုပ်ရှားသော ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ) CNO UCR က ပြောသည်။
“သူတို့က စစ်ဘေးရှောင်ကြတယ်။ သူ့အဘွားက သူတို့ခြံထဲက မုန်ညင်း သွားခူးဖို့ရှိတယ်ဆိုပြီး သူတို့ မြေးအဘွားနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ ဝင်ကြတယ်။ အဲ့ဒီအချိန်မှာ သူတို့ပြန်မလာနိုင်တော့ဘူး။ ဘယ်လိုအသတ်ခံရတာတော့ မသိရဘူး။ အလောင်းလည်း မီးရှို့ခံရတယ်ဆိုတော့ သူတို့ဆိုင်ကယ်လည်း မီးရှို့ခံရတယ်” ဟု CNO UCR အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက ပြောသည်။
ရွာအတွင်း ပိတ်မိနေသူ အမျိုးသား ၄ ဦးမှာ စစ်သားများ ရန်ပြုမည်မထင်သောကြောင့် အိမ်တွင် ကျန်ခဲ့သူများ ဖြစ်နိုင်ကြောင်း၊ မိသားစုနှင့် ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အကြာကြီးမဟုတ်လောက်ဘူးဆိုပြီး အိမ်မှာပဲ သူတို့စောင့်နေမယ်ဆိုတဲ့သဘောနဲ့ နေတာလားတော့ မသိဘူး။ မိသားစုတွေကတော့ အတော်လေး စိုးရိမ်နေကြတယ်၊ သူတို့ ဘယ်လိုမျိုး ထမင်းစားမလဲ၊ ဘယ်လိုမျိုးနေမလဲ ဆိုတာတောင်မှ မသိရဘူး” ဟု ဆလိုင်းလျန်ပီက ပြောသည်။
စစ်ကောင်စီတပ်က အိမ်ခြေ ၉၀၀ ကျော်ရှိသည့် စက္ကန့်ရွာကို ရောက်သည့်နေ့မှ အစပြုပြီး နေ့စဉ် မီးရှို့နေသောကြောင့် အိမ်ခြေရာနှင့်ချီ ပျက်စီးနိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြသည်။
ရွာအနှံ့ ဖျက်ဆီးခံနေရသည်ဟု ဒေသခံလူငယ်တစ်ဦးက ဆိုသည်။
“အနည်းဆုံးကတော့ ရာဂဏန်းအထိ ရှိတော့မယ်။ ဒီနေ့အထိ မနက်ရော၊ နေ့လယ်ရော၊ ညရော တစ်ချိန်လုံး ရှို့နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၂၀ ကျော်အရွယ် ကလေးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယနေ့နံနက် ၇ နာရီခန့်မှစ၍ ရွာနေရာအနှံ့ မီးရှို့လျက်ရှိရာ နံနက် ၁၁ နာရီကျော်အထိ မီးခိုးလုံးများ တွေ့မြင်နေရဆဲဖြစ်သည်ဟု ဆိုသည်။
ရွာအနီး တောင်ဖီလာတောင်ပေါ်တွင် ရှိနေသော စစ်တပ်စခန်းကလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်နေသဖြင့် ဒေသခံများ အသွားအလာသတိပြုကြရန် CNO UCR အဖွဲ့က ထုတ်ပြန်ထားသည်။
“အမြောက်တပ် အထိုင်ချထားတဲ့အောက်မှာရှိတဲ့ ရွာတောင်မှ သူတို့လှုပ်ရှားလို့မရတဲ့ အခြေအနေအထိ ဆိုတော့ လိုက်ပြီးတော့ နယ်မြေစိုးမိုးဖို့အတွက် အသည်းအသန် ကြိုးစားနေတဲ့သဘောပေါ့။ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ပွဲတွေ ဖော်ဆောင်တာဖြစ်မယ်” ဟု အထက်ပါ ကလေးဒေသခံ အမျိုးသားက မှတ်ချက်ပြုသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီကလည်း စက္ကန့်ကျေးရွာ စီးနင်းခံရပြီး နေအိမ် ၈၉ လုံး မီးရှို့ခံရကြောင်း၊ ယခုတစ်ကြိမ်တွင် မီးရှို့ဖျက်ဆီးသည့်အချိန် ယခင်ကထက် ပိုကြာရှည်သဖြင့် ပျက်စီးမှု များနိုင်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် စက္ကန့်ရွာအပါအဝင် အနီးဝန်းကျင်ရှိ ရှားတော၊ မြောင်းဆုံအပါအဝင် ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာ စစ်ဘေးရှောင်နေရသည်။
ချင်းပြည်နယ်သို့ ဝင်ပေါက်တစ်ခုဖြစ်သည့် ကလေးမြို့နယ်သည် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ အများအပြား အခြေစိုက်တပ်စွဲထားသော်လည်း အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့ရာ မြို့နယ်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးရုံး (UNOCHA) က အောက်တိုဘာ ၂ ရက် ထုတ်ပြန်သည့်အစီရင်ခံစာပါ အချက်အလက်များအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် နိုင်ငံအနှံ့မှ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့်အနက် ထက်ဝက်ခန့် (လူဦးရေ ၈၁၃,၅၀၀) မှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)