
စစ်ကောင်စီက စက်တင်ဘာလ ဒုတိယပတ်အတွင်း စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေသည့် ကုန်သွယ်ရေးအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပြန်လည်လွှတ်ပေးလိုက်ပြီဟု စီးပွားကူးသန်းဝန်ကြီးဌာနနှင့် နီးစပ်သူများက Myanmar Now ကို ပြောသည်။
ခေါ်ယူစစ်ဆေးခံရသည့် အရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင် ရာနှင့်ချီရှိခဲ့ပြီး ထိုအထဲတွင် ဆန်၊ ဆီ၊ ပြောင်းနှင့် ငွေကြေးဈေးကွက်မှ လုပ်ငန်းရှင်များ ပါဝင်သည်။ အစိုးရဌာနများမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး လက်အောက်ရှိ စားသုံးသူဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့လည်း ပါဝင်သည်။
ဖမ်းဆီးစစ်ဆေးခံရသူများကို ယခုတစ်ပတ်အတွင်း လွှတ်ပေးလိုက်သည်ဟု ယုံကြည်ရပြီး ရက်အတိကျကို မသိရှိကြောင်း နီးစပ်သူက ဆိုသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းနှင့် လုပ်ငန်းရှင်တစ်ဦးတို့က ဖမ်းဆီးခံရသူများ ပြန်လွတ်လာကြောင်း Myanmar Now ကို အတည်ပြုသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုကြသည်။
“အလုပ်တွေတော့ ပြန်လုပ်နေတာ တွေ့တယ်၊ အရေးယူတာမျိုးတော့ မရှိသေးဘူး၊ ဌာနပြောင်းမယ်လို့တော့ သိရတယ်၊ ဝန်ကြီး၊ ဒုဝန်ကြီးကတော့ အဖယ်ခံလိုက်ရပြီလေ” ဟု ယင်းဌာနနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ပြီး ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း စက်တင်ဘာ ၂၅ ရက်က တာဝန်မှ ရပ်ဆိုင်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထိုဝန်ကြီးနှင့် ဒုဝန်ကြီးတို့ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပတ်သက်၍ စစ်ဆေးခံရပြီးနောက် တာဝန်အပြောင်းအလဲများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ကုန်ဈေးနှုန်းတက်နေခြင်းသည် မသမာသည့် စီးပွားရေးသမားများကြောင့်ဟု စစ်ခေါင်းဆောင်က အပြစ်ဖို့ပြီးနောက် လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးသည့်အပြင် သူ၏ အယုံကြည်ရဆုံးလက်ရုံးဟု ကျော်ကြားသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခဲ့ပြီး အခြားထိပ်တန်းရာထူးနေရာများမှလည်း ဖယ်ရှားလိုက်သည်။
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်ဆေးနေဆဲဖြစ်သည်ဟု သိရပြီး ၎င်းနှင့် ပတ်သက်၍ စစ်ကောင်စီက သီးခြားထုတ်ပြန်ခြင်း မရှိသေးပေ။
စက်တင်ဘာ ၂၈ ရက် စစ်ကောင်စီအစည်းအဝေးတွင် ရာထူးနှင့် လုပ်ပိုင်ခွင့်သုံးပြီး ကိုယ်ကျိုးရှာသည့် အဖွဲ့ဝင်များကို ထိထိရောက်ရောက် အရေးယူမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က သတိပေးထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။