သတင်း

စစ်ကောင်စီဝင် ကိုယ်ကျိုးရှာလျှင် အရေးယူမည်ဟု စစ်ခေါင်းဆောင်ကြိမ်း

ရာထူးနှင့် လုပ်ပိုင်ခွင့်သုံးပြီး ကိုယ်ကျိုးရှာသည့် အဖွဲ့ဝင်များကို ထိထိရောက်ရောက် အရေးယူမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က စက်တင်ဘာ ၂၈ ရက်နေ့ စစ်ကောင်စီဝင်များနှင့် အစည်းအဝေးတွင် သတိပေးလိုက်သည်။

စစ်ကောင်စီဖွဲ့စည်းရာတွင် ယခင်က နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့မှု၊ လုပ်ငန်းတာဝန်လုပ်ဆောင်မှု၊ ဖြတ်သန်းခဲ့မှုများကိုအခြေခံကာ စစ်တပ်အရာရှိများ၊ အရပ်ဘက်မှ ပုဂ္ဂိုလ်များကို ယုံကြည်မှုဖြင့် တာဝန်ပေးထားသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

သို့သော် “ယုံကြည်စွာတာဝန်ပေးအပ်ရာတွင် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားပြုလုပ်မှုကြောင့် အဖွဲ့ဝင်အချို့ကို အနားပေးခြင်း၊ ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်” ဟု စစ်ခေါင်းဆောင်က သတိပေးကြောင်း စက်တင်ဘာ ၂၉ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့ဝင်များတွင် သူအယုံကြည်ဆုံး ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ကုန်သွယ်ရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ယူမှု၊ စီးပွားရေးလုပ်ငန်းများတွင်အလွဲသုံးစားလုပ်သည့် နိုင်ငံအဆင့် လာဘ်စားမှု ပေါ်ပေါက်ပြီးနောက် စက်တင်ဘာ ၁၉ တွင်   ဖမ်းဆီးခံထားရသည်။

နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံရသည့် လုပ်ငန်းရှင်ကြီးများက ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို လာဘ်ပေးရမှုအကြောင်း ဖွင့်ချခဲ့ခြင်းဖြစ်သည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းထားသည့် ဌာနဆိုင်ရာနှင့် တပ်အသိုင်းအဝိုင်းမှ နီးစပ်သူများအပါအဝင် လုပ်ငန်းရှင်များက အတည်ပြုသည်။

မိုးမြင့်ထွန်းသည် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ရွှေနှင့်ငွေကြေးဈေးကွက် ထိန်းသိမ်းကြပ်မတ်ရေး ကော်မတီတို့တွင် ဥက္ကဋ္ဌတာဝန်ယူထားပြီး စူပါဗိုလ်ချုပ်ဟု အမည်တွင်သူဖြစ်သည်။

ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၃၀၀၀ ကျော် ဈေးပေါက်နေချိန် ဗဟိုဘဏ်ရောင်းဈေး ကျပ် ၂၀၀၀ ခန့် ခွဲတမ်းချပေးရာ၌ မိုးမြင့်ထွန်းနှင့် အပေါင်းပါတစ်စုက တဆင့်ပြန်ရောင်းခဲ့သည်၊ ဒေါ်လာ ၅ ဘီလျံဖိုးခန့် အလွဲသုံးစားလုပ်ခဲ့သည်ကို ဗဟိုဘဏ်ဥက္ကဋ္ဌက အတည်ပြုခဲ့သည်ဟု ဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမည့်သူဟုပင် ထင်ကြေးပေးခံခဲ့ရသူ မိုးမြင့်ထွန်းမှာ ရာနှင့်ချီသော စစ်ဗိုလ်ချုပ်များအနက် စစ်တပ်၊ စစ်ကောင်စီနှင့် အစိုးရအဖွဲ့ သုံးနေရာစလုံးတွင် နေရာပေးခံရသူဖြစ်သည်။ ခေတ်အဆက်ဆက် ဗိုလ်ချုပ်ကြီးများနှင့် အနီးကပ်နေထိုင်ခဲ့ရသူဖြစ်ကာ အသက် ၄၈ နှစ်အရွယ်၌ပင် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးကို ရရှိခဲ့သည်။

စစ်တက္ကသိုလ်အပတ်စဉ် (၃၀) တက်ရောက်ခဲ့သူ မိုးမြင့်ထွန်းမှာ သူ၏ဆရာ မင်းအောင်လှိုင်ထက် ၁၀ နှစ်ကျော်ငယ်ရွယ်သူဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စီးပွားရေးနှင့်ဆိုင်သော ကော်မတီ၊ ကော်မရှင်များကို ဦးဆောင်ရသူဖြစ်သည်။ ပြည်တွင်းပြည်ပ ခရီးစဉ်တိုင်းလိုလိုတွင် သူ့ကို သူ၏ဆရာနှင့် အနီးကပ်ဆုံးမြင်ခဲ့ရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ သူပိုင်သည့် ကုမ္ပဏီများတွင် ရတနာမိုးထက်အောင်၊ ပင်ကံ့ကော်နှင့် ဖြိုးပြည့်ပြည့်ကုမ္ပဏီအမည်ရ ဆောက်လုပ်ရေးကုမ္ပဏီများ ပါဝင်သည်။ 

ထိုကုမ္ပဏီများတွင် သူ၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ပပချစ်နှင့် သမီးသုံးဦးဖြစ်သော အသက် ၂၈ နှစ်အရွယ် မရတနာမိုးမြင့်၊ ၂၅ နှစ်အရွယ် မမိုးထက်ထက်ထွန်း၊ ၂၁ နှစ်အရွယ် မခိုင်မိုးမြင့်တို့က ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ပါဝင်နေသည်။

ရတနာမိုးထက်အောင်နှင့် ပင်ကံ့ကော်ကုမ္ပဏီနှစ်ခုကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဇမ္ဗူဒီပရပ်ကွက် သုံးဆယ်လမ်းနှင့် ယူကလစ်လမ်းထောင့် ရာဇသင်္ဂဟအိမ်ရာလိပ်စာဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ၊ နိုဝင်ဘာလတို့တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ 

ကျန်ကုမ္ပဏီတစ်ခုဖြစ်သည့် ဖြိုးပြည့်ပြည့်ကုမ္ပဏီကို ၂၀၂၀ အောက်တိုဘာတွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကာ အမှတ် ၁၂၇၇၊ ၁၉ လမ်း၊ ပေါင်းလောင်း ၃ ၊ ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်တွင် ရုံးဖွင့်လှစ်ထားသည်။

ဒေါ်လာသန်းနှင့်ချီ အလွဲသုံးစားလုပ်မှုကြောင့် မိုးမြင့်ထွန်းကို စူပါရာထူးများမှ ဖယ်ရှားပစ်ခဲ့ကာ  သူတာဝန်ယူခဲ့သည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်စည်စီးဆင်းမှုမှန်ကန် မြန်ဆန်ရေးကော်မတီတို့တွင် ဥက္ကဋ္ဌသစ်အဖြစ် ပို့ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အစားထိုးခန့်အပ်ကြောင်း စစ်ကောင်စီက ယခုလ ၁၈ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံမှ ချွတ်ခြုံကျကာ တိုင်းပြည်စီးပွားရေး ပျက်သုဉ်းနေသော်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ အကျင့်ပျက်ခြစားမှုအကြောင်း အပုပ်နံ့လှိုင်လှိုင်ထွက်လာနေသည်။ ရန်ကုန်မြို့၌ပင် လူအများ ဆန်၊ ဆီ တန်းစီတိုးဝယ်နေရချိန် နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများက ဒေါ်လာသန်းနှင့်ချီ ကိုယ်ကျိုးရှာသည့်ဖြစ်စဉ်ကြီး ဘူးပေါ်သလို ပေါ်ပေါက်လာပြီးနောက် စစ်ခေါင်းဆောင်က ဖြုတ်ထုတ်ရှင်း ဇာတ်လမ်းကို အစပြုခဲ့သည်။

စစ်ခေါင်းဆောင်က သူ၏ ပိုင်ဆိုင်မှုများ၊ မိသားစုလုပ်ငန်းများနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

Show More

Related Articles

Back to top button