
အဆိုတော်ယုန်လေး၏ အငြင်းပွားဖွယ် သီချင်းဗီဒီယိုတွင် သရုပ်ဆောင် ၂၀ ကျော် ပါဝင်သရုပ်ဆောင်ထားသည့် နောက်ဆုံးဇာတ်ဝင်ခန်းကို ရန်ကုန်မြို့ အလံပြဘုရားလမ်းနှင့် ယောမင်းကြီးလမ်းထောင့်ရှိ PARKROYAL ဟိုတယ်၌ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ၁၀ နာရီကျော်ကြာ အချိန်ယူရိုက်ကူးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မသမာသူများကလုပ်ကြံရာတွင် တပ်မတော်က ကယ်တင်ခဲ့သည်ဟု ဖော်ညွှန်းထားသော ထိုသီချင်းဗီဒီယိုတွင် ပါဝင်သည့်ရိုက်ကွင်းများကို လေ့လာရာ PARKROYAL ဟိုတယ်ရှိ ခန်းမကျယ်တစ်ခုနှင့် ခန်းမအဝင်အထွက်နေရာများ ထပ်တူ တူညီနေကြောင်းတွေ့ရှိခဲ့သည်။
အဆိုပါဟိုတယ်သို့ Myanmar Now သတင်းထောက်တစ်ဦးက ကိုယ်တိုင်သွားရောက်လေ့လာချက်အရ ရိုက်ကွင်းနေရာများသည် ဟိုတယ် Ballroom ခန်းမအတွင်းနှင့် အပြင်ဘက်လျှောက်လမ်းတွင် ခင်းကျင်းထားသော မွှေးထူကော်ဇောအဆင်များ၊ နံရံကပ်အလှဆင် စတုရန်းကွက်များမှာ ထပ်တူကျသည်ကို တွေ့ရသည်။
ထို့ပြင် ခန်းမအပြင်ဘက်လျှောက်လမ်းရှိ အလှဆင်ထားသည့် ပန်းအိုးနှင့် ပန်းချီကားချပ်များသည်လည်း သီးချင်းဗီဒီယိုပါ ဇာတ်ဝင်အခန်းများနှင့် တစ်ထပ်တည်းကျနေသည်။
ဟိုတယ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတစ်ဦးက အဆိုပါသီချင်းဗီဒီယိုကို ဇူလိုင် ၂၃ ရက်နေ့တွင် ရိုက်ကူးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်းလည်း Myanmar Now ကို ထုတ်ဖော်ပြောကြားထားသည်။
ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရိုက်ကူးရေးအတွက် ကြိုတင်ပြင်ဆင်နေသူ ၁၀ ဦးခန့်ကို ဟိုတယ်ခန်းမအနီးတွင် တွေ့ရှိခဲ့ရပြီး၊ ည ၁၀ နာရီအထိ ဆက်လက်ရိုက်ကူးကြသည်ဟု အမည်မဖော်လိုသူ အဆိုပါမျက်မြင်သက်သေက အတည်ပြုပြောကြားသည်။
ကနဦးစုံစမ်းမေးမြန်းရာတွင် ဟိုတယ်တာဝန်ရှိသူတစ်ဦးက အဆိုတော်ယုန်လေး၏ သီချင်းဗီဒီယိုရိုက်ကူးမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်မပြောကြားလိုကြောင်းနှင့် ရိုက်ကူးရေးအတွက် အချိန်နာရီဝက်ခန့်သာ အခန်းနေရာ ငှားရမ်းခဲ့သည်ဟု ဆိုခဲ့သည်။
အဆိုပါသီချင်းဗီဒီယို ရိုက်ကူးမှုနှင့်ပတ်သက်၍ PARKROYAL ဟိုတယ်တာဝန်ရှိသူများထံ နည်းလမ်းမျိုးစုံဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
သီချင်းဗီဒီယိုကို PARKROYAL Yangon ဟိုတယ်တွင် ည ၁၁ နာရီခန့်အထိ ရိုက်ကူးခဲ့ကြောင်း သီချင်းဗီဒီယို၏ သရုပ်ဖော်ဇာတ်လမ်းတွင် အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သူ ညီနန္ဒက ဩဂုတ် ၅ ရက်က ပြုလုပ်ခဲ့သည့် Myanmar Celebrity TV နှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။
“အစ်ကိုတို့ PARKROYAL မှာ ရိုက်ကြတယ်၊ အစ်ကိုက ၂ နာရီရောက်တယ်၊ ယုန်လေး ပထမပြောတာ နေ့တစ်ဝက်ပဲပေါ့နော်။ တကယ်တမ်း ည ၁၁ နာရီထိ ရောက်သွားတယ်” ဟု ၎င်းက အဆိုပါအင်တာဗျူးတွင်ပြောသည်။
ဟိုတယ်၏ အရောင်းမန်နေဂျာ၊ ဈေးကွက်နှင့် ဆက်သွယ်ရေးမန်နေဂျာ၊ လုံခြုံရေးမန်နေဂျာ စသည့်တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာတွင် စင်ကာပူရှိ ရုံးကို အီးမေးလ်မှတဆင့် တိုက်ရိုက်မေးမြန်းရန် ဈေးကွက်နှင့် ဆက်သွယ်ရေးမန်နေဂျာ ဦးအောင်သူထက်က ပြန်ကြားခဲ့သည်။

ထိုသီချင်းဗီဒီယိုရိုက်ကူးခဲ့သည့် နေရာများ၊ ရရှိခဲ့သည့်ငွေကြေးပမာဏနှင့်ပတ်သက်၍ မေးမြန်းရာတွင် အများစုက အသေးစိတ်ပြောဆိုရန် ငြင်းဆိုကြသည်။ သရုပ်ဖော်ဇာတ်လမ်းတွင် အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဦးဝင်းမြိုင်က ၎င်းပါဝင်ခဲ့သည့် ဇာတ်ဝင်ခန်း မည်သည့်နေရာတွင်ရိုက်ကူးခဲ့သည်ကို ‘ကောင်းကောင်း မမှတ်မိတော့’ ဟု ဆိုသည်။
အဆိုတော်များနှင့် တီးဝိုင်းအဖွဲ့သား စုစုပေါင်း ၂၅ ဦး ပါဝင်သီဆိုသရုပ်ဆောင်ထားသည့် ရိုက်ကွင်းအပိုင်းကို တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမပေါ်ရှီ Transporter Bar & Restaurant တွင် ဇူလိုင် ၂၀ က ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း အဆိုတော်ချမ်းချမ်းက အတည်ပြုထားသည်။
အဆိုပါ Transporter Bar ကို Myanmar Now က သွားရောက်လေ့လာခဲ့ရာတွင် မကြာမီက ဆောက်လုပ်ထားသည့် အဆောက်အအုံသစ်ဖြစ်သည်ကို တွေ့ရှိရသည်။ လက်ရှိတွင် မြေညီထပ်၌ တီဝိုင်းဖျော်ဖြေမှုနှင့်အတူတွဲလျက် စားသောက်ဆိုင်ဖွင့်လှစ်ထားပြီး၊ ဖွင့်လှစ်ခြင်းမရှိသေးသည့် ပထမထပ်တွင် ကလပ်နှင့် KTV အခန်းများ၊ ဒုတိယထပ်နှင့် အပေါ်ဆုံးထပ်တွင် အခမ်းအနားများကျင်းပရန်အထိ ကျယ်ဝန်းသည့် အမိုးဖွင့်စားသောက်ဆိုင် ဖွင့်လှစ်ရန် လျာထားသည်ဟု ဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။
ထိုသီချင်းရုပ်သံကို Transporter Bar တွင် မရိုက်ကူးမီ တစ်ပတ်ကျော်ခန့်က သီချင်းကို သရုပ်ဆောင်နေတိုးပိုင် Story Board စတူဒီယို၌ အသံသွင်းခဲ့ကြောင်း အဆိုတော်ချမ်းချမ်းက Myanmar Now ကိုပြောသည်။
“ဘယ်သူပြီးရင် ဘာဆိုမယ် ဘာဆိုမယ်လို့ ပြထားတာမရှိဘူး။ ကျွန်မလာတဲ့အချိန်မှာ သူက (ယုန်လေး) စာသား ကောက်ရေးပေးတယ်။ ရေးပေးတဲ့ဟာကို အစ်မက ဆိုလိုက်တယ်ပေါ့နော်။ ရိုက်လည်းပြီးရော နောက်နေ့ကျ ဖုန်းဆက်တယ်။ အဆင်မပြေဘူးတဲ့။ အားလုံးတူတူ စုပြီးတော့ ရိုက်မယ်တဲ့” ဟု ၎င်းက ပြောသည်။
သီချင်းဗီဒီယိုအရ အခြားအတည်ပြုနိုင်သော ရိုက်ကွင်းနေရာမှာ Bulgogi Brothers အမည်ရှိ ကိုရီးယားစားသောက်ဆိုင်နှင့် စမ်းချောင်းမြို့နယ် နာနတ်တောလမ်းရှိ Arrival Bar ဖြစ်သည်။
PARKROYAL Yangon ဟိုတယ်ကို ရန်ကုန်တွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် Pan Pacific ကုမ္ပဏီလုပ်ငန်းစုက ပိုင်ဆိုင်ပြီး၊ ထိုလုပ်ငန်းစုများကို စင်ကာပူ၏ အထင်ကရဘဏ်ကြီးတစ်ခုဖြစ်သည့် UOB ဘဏ်အုပ်စုက ပိုင်ဆိုင်ထားသည်။ UOB ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲကိုလည်း PARKROYAL Yangon ဟိုတယ်၌ ဖွင့်လှစ်ထားသည်။
ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များတွင် လုပ်ငန်းခွင်သို့သွားခြင်း၊ ဈေးရောင်းဈေးဝယ်၊ ကုန်စည်ပို့ဆောင်ရေး၊ တရားစီရင်ရေး၊ Covid-19 ရောဂါ ကာကွယ်/နှိမ်နင်းရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ ဆေးရုံဆေးခန်းသွားခြင်းနှင့် နာရေးကိစ္စများမှလွဲ၍ လူငါးဦးထက် ပိုမစုရန် ပါရှိသည်။
ဝေဖန်မှုမြင့်တက်ခဲ့သည့် အဆိုတော်ယုန်လေး၏ သီချင်းဗီဒီယိုကို ဩဂုတ်လ ၄ ရက်နေ့တွင် Facebook စာမျက်နှာများမှတဆင့် ထုတ်လွှင်ခဲ့ခြင်းဖြစ်ပြီး ဝါဒဖြန့်ချိရေးအသွင်ပေါက်သည့် အဆိုပါသီချင်းဗီဒီယို၏ ဇာတ်လမ်းဇာတ်ကွက်များ ရိုက်ကူးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့သည် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များ အသက်ဝင်နေဆဲအချိန်ဖြစ်သည်။

ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်နေ့မှသာ ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးမည့် နေရာ၊ အချိန်နှင့် လူအရေအတွက်ကို ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ တစ်ပတ်ကြိုတင် အကြောင်းကြားရမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကူးစက်မြန်ရောဂါ Covid-19 ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်များအရ ပိတ်ပင်ထားသည့် ကာလအတွင်း ထိုသို့ သီချင်းဗီဒီယိုရိုက်ကူးခဲ့ခြင်းအပေါ် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
“အရေးယူတာကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရယ်၊ ဒေသဆိုင်ရာ ကိုဗစ်ကော်မတီရယ်ပေါ့ အဲ့ဘက်ကပဲ ဆောင်ရွက်မှာပါ” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အမှုဆောင်အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်တို့ထံ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ကိုဗစ်ကာလတွင် စည်းကမ်းမလိုက်နာဘဲ သီချင်းဗီဒီယိုရိုက်ကူးခဲ့သည့်အတွက် အဆိုတော်ယုန်လေးကို ရိုက်ကူးရေး တစ်နှစ်ရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဩဂုတ် ၈ ရက်တွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
Covid 19 နှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့်အပြင် အခါအားလျော်စွာ သတိပေးချက်များလည်း ထုတ်ပြန်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်အရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေတို့ဖြင့် အရေးယူခံရသူ ၈,၆၀၀ ကျော် ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။