စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် သင်္ကြန်ကာလ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတွင် ရိုက်နှက် ဖမ်းဆီးခံခဲ့ရသူ ၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် စစ်ကောင်စီက ထောင် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်သည်။
တပ်ဦးသီတာရပ်ကွက်တွင် ယခုနှစ် ဧပြီ ၁၆ ရက်က ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင်များဖြစ်သည့် ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မအိစံနှင့် ကိုမျိုးကိုဦးတို့ အဖမ်းခံခဲ့ရသည်။
ဖမ်းဆီးပြီး တစ်လကျော်အကြာတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့် ကလေးမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ပြီးဖြစ်သည်။ စက်တင်ဘာ ၂၅ တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အားပေးကူညီမှုဆိုင်ရာ ပုဒ်မ ၅၀ (ည)၊ ၅၀ (ဇ)၊ ၅၂ (က)တို့ဖြင့် ထိုတရားရုံးကပင် အမိန့်ထပ်ချခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူတချို့၏ နေအိမ်များကို ဖျက်ဆီးခြင်း၊ ချိပ်ပိတ်ခြင်းတို့ စစ်ကောင်စီက ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် သပိတ်ကော်မတီတာဝန်ရှိသူ အမျိုးသားတစ်ဦးက စစ်ကောင်စီသည် ဆန့်ကျင်မှုများကို ဟန့်တားရန် အကြောက်တရားဖြင့် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြောသည်။
“တော်လှန်ရေးကာလမှာ အာဏာရှင်အရှိုက်ကို ထိုးတာက လူထုပါဝင်မှုဆိုတာကို သူတို့ ကောင်းကောင်းသိတယ်။ ဒါကို တအားကြောက်တယ်။ လူထုပါဝင်တဲ့ လှုပ်ရှားမှုမှန်သမျှကို တအားကြောက်တယ်။ ဒါကြောင့် စစ်ကောင်စီဘက်က လူမဆန်စွာ မတရား ထောင်ဒဏ်ချမှတ်တာ”
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် ထိစပ်သည့် နေရာတွင် တည်ရှိသော ကလေးမြို့နယ်သည် အာဏာသိမ်းစစ်တပ်ကို အစောဆုံး လက်နက်ကိုင်ခုခံခဲ့သည့်မြို့ဖြစ်သည်။ စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သော်လည်း ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာသည်အထိ ပုန်းလျှိုးကွယ်လျှိုး ပုံစံမျိုးစုံဖြင့် နေ့စဉ်ရက်ဆက်ရှိခဲ့သည်။
အထက်ပါ သပိတ်အဖွဲ့ဝင် ၄ ဦး ဖမ်းခံရပြီးနောက် ကလေးမြို့အတွင်း ဆန္ဒပြပွဲများ လျော့ပါးသွားသည်။ ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသည့် ကလေးမြို့သပိတ် အင်အားစုအဖွဲ့ဝင် ၆၀ နီးပါးရှိကြောင်း သပိတ်ကော်မတီထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရသည့် အခြေအနေများကို လက်လှမ်းမီသမျှ မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းအရ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း ၂၄,၈၄၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၇,၃၇၄ ဦး ထောင်ဒဏ်ချမှတ်ခံထားရပြီးဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။