အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော်မြို့မရဲစခန်းမှူး သေနတ်ပစ်ခံရပြီး သေဆုံး 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းနိုင်ဦးသည် ဩဂုတ် ၁၂ ညပိုင်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးခဲ့သည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

“မနေ့က ၇ နာရီ ၄၅ မိနစ် ၄၆ မိနစ်လောက်မှာ ဒိုင်းဒိုင်းဒိုင်း ဆိုပြီးတော့ ရဲစခန်းဘက်က ပစ်သံတွေကို ကြားလိုက်ရတယ်။ သေနတ်သံကြားပြီးတဲ့ နောက်ပိုင်းမှာ ဘေးပတ်ဝန်းကျင်ကို မေးကြည့်တော့ စခန်းမှူးက သေနတ်ဒဏ်ရာတွေနဲ့ သေသွားပြီလို့ ကြားသိရတယ်” ဟု အဆိုပါမြို့ခံက ပြောသည်။

ကျောက်တော်မြို့မရဲစခန်းမှူးနှင့် ရဲအုပ်တစ်ဦးသည် ကုန်စုံဆိုင်နှင့် လက်ဖက်ရည်ဆိုင်တွဲကာ ဖွင့်လှစ်ထားသည့် ဆိုင်မှ စျေးဝယ်ပြီး အပြန်လမ်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် ပစ်ခတ်မှုခဲ့ခြင်း ဖြစ်သည်။ 

စခန်းမှူးအလောင်းမှာ သေနတ်ဒဏ်ရာနှစ်ချက်နှင့် ဆေးရုံသို့ ရောက်ရှိနေခြင်းမှာ ဟုတ်မှန်ကြောင်း ကျောက်တော်ပြည်သူ့ဆေးရုံမှ ဒေါက်တာသန်းထွန်းဦးက အတည်ပြုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ စခန်းမှူးမှာ ယခုလအစောပိုင်းကမှ ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်ဟု မြို့ခံများက ဆိုသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ကြီးမင်းသန့်ထံသို့ Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ကျောက်တော်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်ထံ ဆက်သွယ်ရာ၌လည်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းပါဟု ပြောသည်။ 

ဩဂုတ် ၁၃ နေ့လယ်ပိုင်းတွင် ကျောက်တော်မြို့တွင်း တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ရှိနေကာ မြို့ခံများမှာ မသွားရဲမလာရဲ ဖြစ်နေကြရပြီး ပစ်ခတ်မှုထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်နေကြသည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ဇွန် ၁၃ တွင် ကျောက်တော်မြို့မရဲစခန်းမှ ရဲအုပ်အောင်မင်းဇော်ကို အရပ်ဝတ်နှစ်ဦးက ဓားဖြင့်ထိုးခဲ့သောကြောင့် သေဆုံးခဲ့သည်။ 

ယင်းအပြင် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းက ကျောက်တော်မြို့မရဲစခန်းမှ ဒုရဲမှူးတစ်ဦးဓားထိုးခံရ၍ သေဆုံးခဲ့ကာ ရဲတပ်ကြပ်တစ်ဦးမှာ စက်တင်ဘာအတွင်း ဓားထိုးခံရပြီး သေဆုံးခဲ့သည်။ ယခုနှစ် ဇွန် ၃၀ ကလည်း စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles