သတင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတက်ရောက်ရန် မသေချာ 

စတုတ္ထအကြိမ်အမြောက် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်ရန် ရက္ခိုင့်တပ်တော် (AA)  ကို အစိုးရက ငြင်းပယ်လိုက်သည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေဖြင့် တက်ရောက်ရန် မသေချာကြောင်း တာဝန်ရှိသူက ပြောသည်။ 

အစိုးရ၏ ဖိတ်ကြားလွှာကို ဩဂုတ်လ ၉ ရက်က လက်ခံရရှိခဲ့သော်လည်း အစည်းအဝေးတက်မတက်ကို မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့နှင့် ဆွေးနွေးသွားရမည်ဟု KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

“AA ကိုမဖိတ်တဲ့ကိစ္စကို ကျွန်တော်တို့ FPNCC (မြောက်ပိုင်းမဟာမိတ်အဖွဲ့) မှာ လေးလေးနက်နက်ကို ပြန်စဉ်းစားရမယ်။ ပြန်ဆွေးနွေးရမှာဖြစ်ပါတယ်။ အဲဒါမှ အစည်းအဝေးတက်မလား၊ မတက်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်က ပြန်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လုံခြုံရေးအာမခံချက်ရှိလျှင် FPNCC ၏ ဦးဆောင်မှုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတက်ရောက်လိုကြောင်း AA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခုက ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခံထားရသည့် AA အဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ ချန်လှပ်ထားသည့်အတွက် ကျန်မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များလည်း တက်ရောက်ရန်မသေချာကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တာဝန်ရှိသူက ဆိုသည်။

“အစိုးရဘက်က အားလုံးကိုဖိတ်ကြားလာရင်တော့ အားလုံးအတူတကွ တက်ကြဖို့ရှိပါတယ်။ ကျွန်တော်တို့ အရင်ဆုံးဖြတ်ချက်အတိုင်းပါပဲ မပြောင်းလဲသေးပါဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဖြစ်သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ AA နှင့် TNLA တို့ဖြင့် ဖွဲ့စည်းထားသည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် UWSP က ပထမဦးဆောင်သူအဖြစ်တာဝန်ယူထားပြီး KIA က ဒုတိယဦးဆောင်သူအဖြစ်တာဝန်ယူထားကာ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ဦးဆောင်ပြုလုပ်လျက်ရှိသည်။

နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ‘ဝ’ အဖွဲ့ တက်မတက်ဆိုသည်မှာ ဌာနချုပ်၏ သဘောထားဖြစ်၍ အတိအကျမပြောနိုင်သေးကြောင်း UWSA အဖွဲ့၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးအရာရှိ ဦးညီရမ်းက ပြောသည်။ 

“အားလုံးပူးပေါင်းပါဝင်နိုင်ရင်တော့ ကောင်းတာပေါ့။ နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးအဖြေရှာကြတာက အကောင်းဆုံးနည်းလမ်းပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။ 

စတုတ္ထအကြိမ်အမြောက် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်တွင် ဩဂုတ် ၁၉ မှ ၂၁ ရက်အထိ ကျင်းပမည်ဟု အစိုးရ ကြေညာထားသည်။

Show More

Related Articles

Back to top button