သတင်း

တပ်မတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ချခံရသူများ ပြန်လွှတ်ပေးရန် မြစ်ကြီးနားတွင် စုဝေးတောင်းဆို

(ရန်ကုန်) – မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီဇင်ဘာ ၇ တွင် ထောင်ဒဏ် အပြစ်ပေးလိုက်သည့် ကချင်တက်ကြွလှုပ်ရှားသူ သုံးဦးအား ပြန်လွှတ်ပေးရန် ထောင်နှင့်ချီသော ဆန္ဒပြသူများက ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့တွင်း လှည့်လည်ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဖမ်းခံရသူများ ပြန်လွှတ်ပေးရေး မြစ်ကြီးနားမြို့ပေါ်တွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – Kachin Youth Moment)

ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူတို့သည် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် အရပ်သားများအား ကယ်ထုတ်ရန် ပြီးခဲ့သည့် မေလအတွင်းက တောင်းဆိုခဲ့သည့် လှုပ်ရှားမှုအတွင်း တပ်မတော်ကို အကြည်ညိုပျက်စေသည့် ဟောပြောချက်များ ထုတ်ဖော်ပြောဆိုသည်ဟုဆိုကာ ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေတစ်သိန်း အပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။

အနည်းဆုံး လူ ၄၀၀၀ ခန့် ပါဝင်သည်ဟု ခန့်မှန်းရသော အဆိုပါဆန္ဒပြပွဲသည် မြစ်ကြီးနားတရားရုံး၏ ဆုံးဖြတ်ချက်ကို မတရားဟု ယူဆသောကြောင့် ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးနော်အောင်က ပြောသည်။

“လွတ်လပ်ပြီးမျှတတဲ့တရားစီရင်ရေးဖြစ်ဖို့အတွက် အဓိကရည်ရွယ်တာပါ မတရားမှုတွေကို ကျွန်တော်တို့ ရှုတ်ချတာပါ ” ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်၏ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးနော်အောင်က ပြောသည်။

မနက် ၈ နာရီခန့်တွင် မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက် မနောကွင်းတွင် စုရုံးပြီး မနက် ၁၀ နာရီခန့်တွင် မြစ်ကြီးနားမြို့တွင်း လှည့်လှည်ကာ ဖမ်းဆီးခံ လူငယ်သပိတ်ခေါင်းဆောင်များကို အမြန်ဆုံးလွှတ်ပေးရေးအပါအဝင် ကြွေးကြော်သံ ၆ ချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဖမ်းခံရသူများ ပြန်လွှတ်ပေးရေး မြစ်ကြီးနားမြို့ပေါ်တွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – Kachin Youth Moment)

ထို့အပြင် ဆန္ဒဖော်ထုတ်သူများက တရားဥပဒေ ကျဆုံးသွားခြင်းဟု အဓိပ္ပာယ်ဖွင့်နိုင်သည့် Failed Law စာတမ်းပါ ကပ်ခွာများကိုလည်း မြစ်ကြီးနာမြို့နယ် တရားလွှတ်တော်ရုံး နှင့် ရဲစခန်း ဆိုင်းဘုတ်များတွင် လိုက်လံကပ်ခဲ့ကြသည်။

ဆန္ဒပြပွဲအတွက် လူ ၆၀၀၀ စာရင်းတင်ခဲ့ပြီး ခွင့်ပြုချက်တင်ရာတွင် အသံချဲ့စက်အသုံးပြုမှုနှင့် ကချင်အမျိုးသားအလံ၊ Failed Law ဗွီနိုင်းနှင့် လူငယ်သပိတ်ခေါင်းဆောင် ၃ ဦးတို့၏ ပုံများမပါဝင်သည့်အတွက် ဆက်လက်အသုံးမပြုရန် မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှ ဆန္ဒပြသမားများကို အကြောင်းကြားခဲ့သည်။

တရားမျှတမှုအတွက်တောင်းဆိုမှုများကို မလိုက်ရောပါက ဆန္ဒဖော်ထုတ်ပွဲကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဆွမ်လွတ်လုဆန်က ပြောသည်။

ဖမ်းခံရသူများ ပြန်လွှတ်ပေးရေး မြစ်ကြီးနားမြို ့ပေါ်တွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – Kachin Youth Moment)

လူငယ်သပိတ်ခေါင်းဆောင် ၃ ဦးကို အမိန့်ချမှတ်သည့် ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့နယ်တရားရုံးမှ မနောကွင်းသို့လမ်းလျှောက်ဆန္ဒပြသောကြောင့် ဦးဆောင်သူ ၃ ဦးဖြစ်သည့် ဦးဆိုင်းခွမ်းအောင်၊ ဦးဘရန်မိုင်နှင့် မဆွတ်ဆိုင်းထွယ် တို့သုံးဦးအား ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့်မြစ်ကြီးနားရဲတပ်ဖွဲ့မှ တရားစွဲဆိုထားသည်။

လူငယ်သပိတ်ခေါင်းဆောင် တက်ကြွလှုပ်ရှားသူ ၃ ဦးဖြစ်သည့် ကိုလွမ်းဇောင်း၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူတို့ အားထောင်ဒဏ်ချမှတ်လိုက်သည့်အတွက် ဥရောပသမဂ္ဂ(EU)၊ အမေရိကန်သံရုံးတို့ က တရားရုံး ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားသုံးသပ်ရန်တောင်းဆိုထားပြီး အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်ကလည်း ကန့်ကွက်ထားသည်။

Show More

Related Articles

Back to top button