အပစ်ရပ်ထားသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နှင့် ဆက်သွယ်ခြင်းသည် ပြစ်မှုမြောက်ကြောင်း ရခိုင်ပြည်နယ် အမ်းမြို့နယ်တရားရုံးက ဆုံးဖြတ်လိုက်ပြီး ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၁၃ ) တွင် ထောင် ၂ နှစ် ချလိုက်သည်။
ထောင်ချခံရသူသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ညောင်ချောင်းကျေးရွာမှ အသက် ၄၅ နှစ်အရွယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်တင်မြင့်ဖြစ်ပြီး သူ့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်ကတည်းက စစ်ကောင်စီတပ်များက အမ်းမြို့အနီး စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်၏ ဗိုလ်ကြီးရာဇာထွန်းက AA နှင့် ဦးအောင်တင်မြင့်တို့အကြား အဆက်အသွယ်ရှိကြောင်း စွပ်စွဲပြီး တရားလိုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
၁၀ လကြာ စစ်ဆေးပြီးနောက် စစ်ကောင်စီထိန်းချုပ်ထားသည့် အမ်းမြို့နယ်တရားရုံးက သူ့ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ်ကျခံစေရန် အမိန့်ချလိုက်ကြောင်း တရားရုံးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် AA နှင့် အပစ်ရပ်ထားကြောင်း တရားဝင်ကြေညာထားသော်လည်း လက်တွေ့တွင် AA နှင့် ဆက်သွယ်ကြောင်း သံသယရှိသူများကို ဖမ်းဆီးထောင်ချနေခြင်းက ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိန်းထားလိုခြင်း မရှိသည်ကို ပြသနေကြောင်း အမ်းမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်သည်။
“ငြိမ်းချမ်းရေးကို ထိန်းထားချင်ရင်၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ငြိမ်းချမ်းရေးကိစ္စကို သဘောတူထားတာရှိခဲ့ရင် AA နဲ့ ဆက်စပ်လို့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရမှာပဲ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီနှင့် AA တို့သည် ၂၀၁၉ ဇန်နဝါရီ ၄ ရက် မှစတင်ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြရာမှ အာဏာမသိမ်းခင်နှင့် သိမ်းပြီးချိန်များတွင် နှစ်ကြိမ်တိုင် အပစ်ရပ် သဘောတူခဲ့ကြသည်။
အာဏာမသိမ်းခင် လပိုင်းအလို ၂၀၂၀ နိုဝင်ဘာတွင် ပထမဆုံးအပစ်ရပ် သဘောတူညီခဲ့ကြသော်လည်း ၂၀၂၂ သြဂုတ်လဆန်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ တစ်ကျော့ပြန်တိုက်ပွဲများ စတင်ပြီး လေးလခန့်အကြာ ၂၀၂၂ နိုဝင်ဘာတွင် နောက်တစ်ကြိမ် အပစ်ရပ်ခဲ့ကြပြန်သည်။
အသေးစိတ်အချက်အလက်များကို နှစ်ဖက်စလုံးက လူသိရှင်ကြား မပြောခဲ့သည့် အပစ်ရပ်သဘောတူညီမှု နှစ်ခုစလုံးတွင် ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှု ပါဝင်သည်ဟု သိရသည်။
အပစ်ရပ်သဘောတူညီမှုများနှင့်အတူ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၁ မတ်လ ၁၁ ရက်နေ့တွင် AA ကိုအကြမ်းဖက်အဖွဲ့စာရင်းမှ ပယ်ဖျက်ပေးခဲ့သော်လည်း မတရားအသင်းစာရင်းထဲတွင် ဆက်ထည့်ထားသည်။ AA ကို စစ်တပ်၏ တောင်းဆိုမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ် ၂၀၂၀ မတ်လအတွင်းက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်အကြား ကြီးမားသည့်တိုက်ပွဲများ မဖြစ်အောင် ထိန်းထားကြသော်လည်း အပြန်အလှန်ဖမ်းဆီးမှုများ ဆက်ရှိနေသည်။ စစ်ကောင်စီက AA ဆက်စပ်သံသယဖြင့် ဖမ်းဆီးခဲ့သူ ၂၀၀ ကျော်အထိ ရှိခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့တွင် ၆၁ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
၂၀၂၂ စက်တင်ဘာ ၆ တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ULA/AA အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးပြီးနောက် ယင်းနေ့တွင်ပင် ကျောက်ဖြူမြို့နယ် အခြေစိုက်တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးကို AA က ပြန်လည်ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ဓားစာခံလဲလှယ်ရေးအတွက် နှစ်ဖက်သဘောတူခဲ့ကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့နယ်မှ ရခိုင်တစ်ဦးနှင့် ရိုဟင်ဂျာတစ်ဦးတို့ကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သေးသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင် ၁၁ ကလည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၆ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(စျ) ဖြင့် ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့သည်။ စစ်ကောင်စီတပ်နှင့် AA တို့သည် ရခိုင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့မှု၊ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်းလည်း ဒေသခံများက ဆိုကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)