
ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှုစွဲချက်ဖြင့် တစ်နှစ်ခွဲခန့်ကြာ ဖမ်းဆီးထိန်းသိမ်းထားသော စစ်တွေမြို့နယ်မှ ဒေသခံနှစ်ဦးတို့ကို ယမန်နေ့ (စက်တင်ဘာ ၁၁ ) တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်သည်ဟု တရားရုံးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ ခေါ် ဆတ်ရိုးကျရပ်ကွက်နေ ၅၇ နှစ်အရွယ် ဦးဘသိန်း၊ သက္ကယ်ပြင်ကျေးရွာနေ အသက် ၅၀ အရွယ် ဦးဆော်လိမ် ခေါ် ဦးမောင်မောင်ခင်တို့ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
စစ်တပ်နှင့် AA တို့ တစ်ကျော့ပြန်စစ်ပွဲ စတင်ရန် အစပျိုးချိန် ယမန်နှစ် ဇွန် ၂၄ တွင် စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို AA က ဖမ်းဆီးခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်ဘက်ကလည်း လူအများအပြားကို AA နှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခဲ့ရာ ထိုအမျိုးသားနှစ်ဦးလည်း အဖမ်းခံရခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးကို စစ်တွေအကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်ဟု သိရသည်။
နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံရသည့် ဦးဘသိန်း၏ ကျန်းမာရေးအတွက် စိုးရိမ်မိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်း၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
“သူဟာ သွေးတိုးရောဂါရှိတယ်။ ပြီးတော့ မျက်စိတစ်ဖက်လည်း ခွဲထားရတာ… နောက်တစ်ဖက်လည်း ခွဲရမှာ။ မျက်စိတစ်ဖက်ခွဲပြီး သုံးလအကြာမှာ အဖမ်းခံရတာ။ တကယ်တော့ အဲဒီမျက်စိကို ခွဲပြီး တစ်လတစ်ကြိမ် ဆေးခန်းပြရမှာ။ ဒါပေမဲ့ မပြရဘူး။ အခု အဲဒီမျက်စိ ဘယ်လိုရှိလဲ မသိဘူး။ ကျွန်မတို့ ဆေးဝယ်ပြီး ပို့ပေးနေရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရိုဟင်ဂျာတစ်ဦးဖြစ်သူ ဦးဆော်လိမ်၏ မိသားစုဝင်များကို မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။
ပြီးခဲ့သည့် ဇူလိုင် ၁၁ ကလည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၆ ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(စျ)ဖြင့် ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ ပြီးခဲ့သည့်နှစ် သြဂုတ်လမှ နိုဝင်ဘာလအတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ထို့နောက် လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် နှစ်ဖက် အပစ်ရပ်ထားသည်။
အပစ်ရပ်သဘောတူရာတွင် AA နှင့် ဆက်စပ်ပြီး ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် ကတိကဝတ်ပါဝင်သည်ဟု ဖေဖော်ဝါရီ ၂၇ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောထားသည်။
ထိုစဉ်က AA နှင့် ဆက်စပ်၍ စစ်ကောင်စီက ဒေသခံ ၅၉၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုအထဲမှ ၂၀၃ ဦး ဆက်လက် ဖမ်းဆီးခံနေရကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆို ထောင်ချခြင်းမှာ စစ်ကောင်စီအနေဖြင့် AA ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မပျောက်ဆိုသည့်သဘော သက်ရောက်သည်ဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
“ဒီလိုလုပ်ရပ်မျိုးတွေနဲ့ ငြိမ်းချမ်းရေးဟာ တာရှည်သွားမှာမဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးဟာ တာရှည်သွားမှာ မဟုတ်။ ဘာလို့လဲဆိုတော့ ကတိကဝတ်တွေကိုလည်း ချိုးဖောက်တာ တွေ့တဲ့အတွက်၊ AAနဲ့ ဆက်စပ်တယ်ဆိုပြီး အငြိုးတကြီးနဲ့ ဒီလိုအချိန်အခါမှာ ထောင်ချနေခြင်းဟာ မသင့်လျော်။ ဒီလိုလုပ်ရပ်တွေဟာ AA နဲ့ ပတ်သက်လို့ ယုံကြည်မှုတည်ဆောက်ထားတာတွေကို ထိခိုက်စေနိုင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် သြဂုတ် ၁ တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေသခံ ၆၁ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း ဖမ်းဆီးတရားစွဲခံထားရသူ၊ ဆက်လက် အကျဉ်းကျခံနေရသူ အများအပြားရှိနေသေးပြီး AA နှင့် ဆက်စပ်မှုဖြင့် ထောင်ဒဏ်ချမှတ်မှုများလည်း ရှိလာနေသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်နှင့် AA တို့ အပစ်ရပ်ထားသော်လည်း တစ်ဖက်နှင့် တစ်ဖက် စစ်အင်အားတိုးချဲ့မှု၊ စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် စစ်ရေးတင်းမာနေသည့်အခြေအနေဖြစ်နေသည်။
မကြာသေးမီ စက်တင်ဘာ ၆ ကလည်း ကျောက်ဖြူမြို့နယ်မှ ULA/AA အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ယင်းနေ့တွင်ပင် ကျောက်ဖြူမြို့နယ်အခြေစိုက်တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို AA က ပြန်လည်ဖမ်းဆီးခဲ့သည်။
ယင်းနေ့ နောက်ပိုင်းတွင် ULA/AA အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ပြန်လည် လွှတ်ပေးလိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း AA က ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် ရခိုင်ဒေသတွင် အပစ်ရပ်ထားသဖြင့် စစ်ရေးဝန်ထုပ်ဝန်ပိုး သက်သာစေသည်။
၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းသည့် စစ်တပ်က ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှာ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။
AA က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့ကို စစ်သင်တန်းပေးပြီး ကူညီထောက်ပံ့ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)