သတင်း

အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်း 

ရက္ခိုင့်တပ်တော် (AA) ကို အသေအကြေတိုက်ခိုက်ခဲ့သော အာဏာသိမ်းစစ်တပ်က AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ယနေ့ (မတ် ၁၁) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ခြင်းမရှိတော့သဖြင့် အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖြစ်လိုက်ခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်တပ်ကြား အချိန် ၂ နှစ်နီးပါးကြာသော အသေအကြေတိုက်ပွဲများကြောင့် ထိခိုက်သေကျေဒဏ်ရာရရှိမှုများအပြင် ဒေသခံ အရပ်သားပြည်သူ နှစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်တပ်နှင့် AA တို့ကြား ၂၀၁၈ ခုနှစ် အကုန်ပိုင်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ မတ်လတွင် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။ 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများစတင်ဖြစ်ပွားစဉ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာမှသာ AA ကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဖြစ်ကြောင်း စစ်တပ်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာသတ်မှတ်ခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မပြုခဲ့သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်အကြား မကျေမလည်ဖြစ်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် AA အား တိုက်ထုတ်ရန် စစ်တပ်ဘက်က တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ စစ်သင်္ဘောများပါ အသုံးပြုတိုက်ခိုက်ခဲ့ရပြီး ထိုအသေအကြေတိုက်ပွဲများအတွင်း နှစ်ဖက်လက်ကိုင်များ အကျအဆုံးအထိအခိုက်များခဲ့သည်။

ယမန်နှစ် မတ်လအတွင်း AA က စစ်တပ်ခြေမြန်တပ်ရင်းတစ်ခုလုံးနီးပါးကို အပြုတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးအပါအဝင် စစ်သည် ၂၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ 

AA နှင့် ပတ်သက်၍ အမြဲတမ်းသဘောထားတင်းမာခဲ့သည့် စစ်တပ်သည် ရွေးကောက်ပွဲမတိုင်မီတွင် သဘောထားပျော့ပျောင်းလာပြီး ဂျပန်အစိုးရအထူးကိုယ်စားလှယ်ဖြစ်သူ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ကြားဝင်စေကာ AA နှင့် စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းခဲ့သည်။

ထို့နောက် AA နှင့် စစ်တပ်တာဝန်ရှိသူများ တိတ်တဆိတ်တွေ့ဆုံညှိနှိုင်းမှုများရှိလာပြီး ရွေးကောက်ပွဲကာလမှစ၍ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရုတ်တရက် ရပ်တန့်ခဲ့ကြသည်။ 

Show More

Related Articles

Back to top button