သတင်း

စစ်ကောင်စီပြန်လွှတ်ပေးသူများတွင် AA ဆက်စပ်သံသယဖြင့် အဖမ်းခံထားရသူ ၆၁ ဦးပါဝင်

အာဏာလက်မလွှတ်ရေး အကြောင်းအမျိုးမျိုးပြကာ ခြောက်လသက်တမ်းတိုးပြီးနောက် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူများကို ပြန်လွှတ်ပေးခဲ့ရာ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဆိုသော သံသယဖြင့် အဖမ်းခံထားရသူ ၆၁ ဦးလည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီက AA ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူ ၂၀၃ ဦးအထိ ရှိနေပြီး ယမန်နေ့ (ဩဂုတ် ၂) က ပြန်လွတ်လာသူများမှာ စစ်တွေမှ ၁၂ ဦး၊ ကျောက်ဖြူမှ ၁၀ ဦး၊ သံတွဲမှ ၁၆ ဦး၊ ဘူးသီးတောင်မှ ၉ ဦး၊ ကျောက်တော်မှ ၂ ဦး၊ တောင်ကုတ်မှ ၃ ဦး၊ မောင်တောမှ ၄ ဦးနှင့် အမ်းမြို့မှ ၅ ဦးဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး၊ ထိုလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သည်ဆိုသော သံသယဖြင့် ဖမ်းဆီးထားသူ ၇၂ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ယခုလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကာ AA တပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်ခဲ့သည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်း၌ စစ်ကောင်စီတပ်နှင့် ဒုတိယအကြိမ် အပစ်ရပ်စဲခဲ့ရာ၌ AA ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် ကတိကဝတ်ပါဝင်ခဲ့သည်ဟု ယခုနှစ် ဖေဖော်ဝါရီလအတွင်းက သတင်းစာရှင်းလင်းပွဲတွင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ထည့်သွင်းပြောဆိုခဲ့သည်။

စစ်ကောင်စီဘက်က ဖမ်းဆီးထားသူ အများအပြားရှိနေသေးကြောင်း ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက Myanmar Now ကို ယနေ့ပြောသည်။

“နှစ်ဖက်အပြန်အလှန် ဖမ်းဆီးထားသူတွေကို လွှတ်ပေးရမယ်လို့ ကတိကဝတ်တွေရှိခဲ့တယ်လို့ သိရတယ်။ အခုအချိန်ခါမှ လွှတ်ပေးလာတယ်။ လွှတ်ပေးတာမှာလည်း နိုင်ငံရေးအကျဉ်းသားအားလုံး မပါလို့ သိရတယ်။ ဖမ်းဆီးထားတာ ရခိုင်ပြည်မှာ ဒီထက်များသေးတယ်” ဟု ၎င်းက ဆိုသည်။

ဩဂုတ် ၂ တွင် ပြန်လည်လွတ်မြောက်လာသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲဒေသခံ တေးရေးဆရာ ကိုစန်းကိုကို တွေ့ရစဉ်။

ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ယာယီအပစ်ရပ်ထားခြင်းသာဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သဖြင့် ကျန်သူများကို ဆက်လက်ချုပ်နှောင်ထားခြင်း ဖြစ်သည်ဟုလည်း ဦးဖေသန်းက မှတ်ချက်ပြုသည်။

“သဘောတူညီချက်အရဆိုရင် နိုင်ငံရေးမှုနဲ့ ပတ်သက်တာတွေကို အကုန်လုံး ပြန်လွှတ်ပေးရမယ်။ တပ်သားတွေကိုဖြစ်စေ၊ ဆက်နွှယ်သူတွေကိုဖြစ်စေ အားလုံးကို လွှတ်ပေးရမယ်။ အဲဒါကို သူတို့က ဆရာစားချန်ထားတာ။ လိုအပ်ရင်လည်း ဆက်ထိန်းသိမ်းထားမယ်။ အားလုံးလွှတ်ပေးလို့ မဖြစ်သေး၊ ငါတို့လက်ကျန်ထားရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့”

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲရပ်တန့်နေသော်လည်း နှစ်ဖက်လုံးက စစ်ရေးအင်အား ဖြည့်တင်းနေသည့်အပြင် AA ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က ခွင့်ပြုချက်မဲ့ ဝင်ရောက်ခြင်းများရှိနေသဖြင့် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟုလည်း ရခိုင်ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သူများ ပြန်လည်လွတ်မြောက်ခြင်းနှင့် ပတ်သက်၍ AA တာဝန်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးကို ပြန်လွှတ်ပေးခဲ့ရာ၌ AA တပ်ဖွဲ့ဝင် ၁ ဦး၊ SSPP အဖွဲ့ဝင် ၃ ဦး၊ MNDAA အဖွဲ့ ဝင် ၂ ဦးနှင့် ကျန်သူများမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့ဝင်များဖြစ်သည်။ လက်ရှိ၌ ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့များ တိုက်ပွဲအကြီးအကျယ်ဖြစ်နေသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်အချို့ လျှော့ပေါ့ပေးကာ အကျဉ်းသား ၇၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ၁၀၀ ဝန်းကျင်သာ ပါဝင်သည်ဟု သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button