အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်ပိုင်မြေတွင် ဝင်ရောက်စိုက်ပျိုးသည်ဆိုကာ တောင်သူ ၆၀ အမှုဖွင့်ခံရပြန်

တပ်ပိုင်မြေများတွင် ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်နေသည်ဟုဆိုကာ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာနေ ဒေသခံတောင်သူ ၆၀ ကို အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ရင်းက ပိုင်နက်ကျူးကျော်မှုဖြင့်လည်း အမှုဖွင့်ထားသည်။ 

အဆိုပါတပ်ရင်းမှ ဗိုလ်ကြီးဇော်ဝင်းနိုင်က တရားလိုပြုလုပ်ပြီး ပိုင်နက်ကျူးကျော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၇၊ ပူးပေါင်းဆောင်ရွက်မှု ပုဒ်မ ၁၁၄ တို့ဖြင့် ဖွင့်ထားခြင်းဖြစ်ပြီး ဇူလိုင်၂၈ တွင် ပထမဆုံးအကြိမ်အဖြစ် လက်ပန်လှနယ်မြေရဲစခန်းက တောင်သူများကို စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာနေ တောင်သူ ၅၄ ဦး၊ ငွေတောင်ကျေးရွာနေ တောင်သူ ၅၁ ဦး စုစုပေါင်းတောင်သူ ၁၀၅ ဦးကို တပ်ပိုင်မြေမှဖယ်ပေးရန် ဗိုလ်ကြီးဇော်ဝင်းနိုင်ကပင် စဉ့်ကူးမြို့နယ်တရားရုံး၌ တရားမကြောင်းအရ တရားစွဲဆိုထားခြင်းလည်း ရှိသည်။​

တပ်မတော်ပိုင်မြေ ၂,၀၉၁ ဧကရှိသည့်အနက် ရွာမြေအဖြစ် ၇၅ ဧက စွန့်လွှတ်ပေးထားသော်လည်း တောင်သူများက စွန့်လွှတ်မြေနှင့် ဆက်စပ်နေရာများတွင် တိုးချဲ့နေထိုင်စိုက်ပျိုးကြခြင်းကြောင့် ဖယ်ရှားပေးရန် သုံးကြိမ်အကြောင်းကြားခဲ့ရာ မထူးသဖြင့် တရားရုံးမှတစ်ဆင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ကြီးဇော်ဝင်းနိုင်က ပြောဆိုထားသည်။ 

“ဒီဇွန်လလောက်ကစပြီးတော့ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းတွေ လုပ်တော့မယ်၊ မထွန်နဲ့တော့ဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ စာထွက်ထားတာရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားတော့ သူတို့ ရပ်ကျေးတွေကို စာထုတ်ပေးတယ်။ လုပ်တော့ ကျွန်တော်တို့က သွားတားတယ်။ မလုပ်ပါနဲ့ဆိုပြီးတော့။ မရဘူး။ မရတော့ တရားဥပဒေနဲ့ အညီပဲ လုပ်ရတော့မယ်ဆိုပြီးတော့ လက်ပန်လှရဲစခန်းမှာ အမှုဖွင့်လိုက်တာ” ဟု ဗိုလ်ကြီးဝင်းဇော်နိုင်က ပိုင်နက်ကျူးကျော်မှုဖြင့် အမှုဖွင့်ထားခြင်းနှင့် ပတ်သက်ပြီး ပြောသည်။ 

ထို့ကြောင့် ညောင်ဝန်းကျေးရွာတောင်သူများမှာ အမှုနှစ်ခု ရင်ဆိုင်ရမည်ဖြစ်သည်။ 

“လယ်စိုက်လို့ဆိုပြီး အမှုဖွင့်ထားတာ ၁၅ ယောက်နဲ့၊ ထွန်ရှင်းလိုက်တဲ့ လူ ၄၅ ယောက်၊ အားလုံး ၆၀ ဖွင့်ထားတာ။ ၂၈ ရက်နေ့ကပဲ ရဲစခန်းကခေါ်လို့ သွားပြီး အစစ်ခံရတော့မှ သိရတာပဲ။ ကျူးကျော်ဝင်ရောက်မှုနဲ့ ဖွင့်ထားတာလို့သိရတယ်။ ဖွင့်ခံရတဲ့လူတစ်ယောက်တည်းကပဲ ဦးဆောင်စစ်ဆေးခံခဲ့တယ်၊ အများကြီး မေးတာမြန်းတာတော့ မလုပ်သေးဘူး” ဟု  ညောင်ဝန်းကျေးရွာ သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရေးကော်မတီဝင် တောင်သူ ဦးကျော်တင့်က ပြောသည်။

ဗိုလ်ကြီးဇော်ဝင်းနိုင်က တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားသည်မှာ မှန်ကန်ပြီး ဇူလိုင်လဆန်းပိုင်းခန့်က လာရောက်တိုင်တန်းထားခြင်းဖြစ်ကာ တောင်သူ ၁၅ ယောက်ကို အမှုတွဲတစ်ခု၊ တောင်သူ ၄၅ ယောက်ကို အမှုတွဲတစ်ခုဖြင့် သီးခြားဖွင့်ထားခြင်းဖြစ်ကြောင်း လက်ပန်လှနယ်မြေရဲစခန်းမှူး ရဲအုပ်ရန်နိုင်စိုးက အတည်ပြုသည်။

“အမှုလာဖွင့်တာက တစ်လကျော်လောက်တော့ ရှိနေပြီ။ တပ်ပိုင်မြေထဲကို ဝင်ရောက်စိုက်ပျိုးလို့ ဖွင့်တာ မှန်ပါတယ်။ ဗိုလ်ကြီးဇော်ဝင်းနိုင်က တရားလို လုပ်ထားပါတယ်။ အရင်တရားရုံးမှာ တရားစွဲထားတာနဲ့ မဆိုင်ဘူး” ဟု ၎င်းက ပြောသည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်မှ အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ရင်းသည် တပ်မတော် စိုက်ပျိုးရေးနှင့် မွေးမြူရေးစီမံကိန်းအတွက်ဟုဆိုကာ ညောင်ဝန်းကျေးရွာနှင့် ငွေတောင်ကျေးရွာတို့ရှိ လယ်မြေများကို ၁၉၇၂ မှစ၍ သိမ်းဆည်းခဲ့ပြီး ဧက ၃,၀၀၀ ခန့်အထိ ရှိကြောင်း ဒေသခံတောင်သူများက ပြောသည်။

၁၉၉၅ မှာပင် တပ်မတော်က Great Wall ကုမ္ပဏီကို နှစ်သုံးဆယ်စာချုပ်ဖြင့် အငှားချထားခဲ့ပြီး ကုမ္ပဏီသည် မြေများအားလုံးကို လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ပိုလျှံနေခဲ့၍ ကုမ္ပဏီလုပ်ကိုင်နေစဉ် ၂၀၁၄ မှာပင် တောင်သူများက ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ တောင်သူ ၇၅၀ ခန့်သည် သိမ်းဆည်းခံလယ်ယာမြေများပေါ်တွင် တစ်ဦးလျှင် နှစ်ဧကနှုန်းဖြင့် စိုက်ပျိုးလုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု ဦးကျော်တင့်က ပြောသည်။

ပိုင်နက်ကျူးကျော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၇ အရ နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု ပုဒ်မ ၁၁၄ သည် တရားသူကြီး၏ ဆင်ခြင်တုံတရားပေါ်မူတည်ကာ ဆုံးဖြတ်နိုင်သည်။ 

စဉ့်ကူးမြို့နယ်တရားရုံး၌ စွဲဆိုထားသည့် တရားမအမှုကို လာမည့် ဩဂုတ် ၁၁ တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button