၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို အိမ်ရှင်အဖြစ် ဦးဆောင်ပြီး ဂျကာတာမြို့တော်တွင် စက်တင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့ပါသည်။
မြန်မာ့နိုင်ငံရေးပြဿနာကိုလည်း အလေးထားဆွေးနွေးခဲ့ကြပြီး၊ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော မြန်မာ့အရေးဖြေရှင်းရန် “တူညီဆန္ဒ ၅ ရပ်” အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
ထိပ်သီးအစည်းအဝေးအပြီး အလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး စာတစ်ပိုဒ် ထည့်သွင်းဖော်ပြတတ်သော အစဉ်အလာမှ ခွဲထွက်ပြီး သီးခြားကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် အစောပိုင်း မေလတွင် ကျင်းပခဲ့သော ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သော ဥက္ကဋ္ဌ၏ကြေညာချက် တွင် မြန်မာ့အရေးကို စာပိုဒ် နှစ်ပိုဒ်သာ ထည့်သွင်းဖော်ပြခဲ့သည်။
ထို့ကြောင့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မြန်မာ့အရေးကို သီးခြားကြေညာချက်ထုတ်ပြန်ပုံကို ကြည့်လျှင် ပုံသဏ္ဌာန်အရ အာဆီယံခေါင်းဆောင်များ၏ ‘နိုင်ငံရေးရေချိန်’ အနည်းငယ် မြင့်လာပြီး မြန်မာ့အရေးအပေါ် ပိုမိုအလေးထားလာသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။
ပုံသဏ္ဌာန်ထက် အနှစ်သာရက ပို၍အရေးကြီး
အမှန်တကယ် အလေးထား လေ့လာရမည့်အချက်က ကြေညာချက်ပုံသဏ္ဌာန်ထက် အနှစ်သာရပိုင်း ဖြစ်သည်။ တူညီဆန္ဒ ၅ ရပ် ချမှတ်ပြီးကတည်းက ၂ နှစ်ခွဲလုံးလုံး မြန်မာပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိမှုကို အာဆီယံခေါင်းဆောင်များ ဝေဖန်ခံနေရပြီး၊ အာဆီယံဗဟိုပြုမှု (ASEAN Centrality) ၏ အစွမ်းသတ္တိအပေါ် အကြီးအကျယ်မေးခွန်းထုတ်ခြင်း ခံနေရသည်။
အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ရေး ဆယ်စုနှစ်တစ်ခုကြာ ကြိုးပမ်းခဲ့ပြီး၊ မကြာသေးခင်က လေ့လာသူအဆင့်အတန်း ရရှိခဲ့သော အရှေ့တီမောနိုင်ငံသည် ယခုထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေးကို အာဆီယံအဖွဲ့ကြီးက ဖြေရှင်းနိုင်စွမ်းမရှိလျှင် ၎င်းနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်ရေးကို ဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့သည်။ လွတ်လပ်သောနိုင်ငံအဖြစ် ဒေသတွင်း နောက်ဆုံးပေါ် ထွန်းခဲ့သော ဒီမိုကရေစီနိုင်ငံငယ်၏ အာဆီယံအဖွဲ့ကြီးအပေါ် တိုက်ရိုက်စိန်ခေါ်ချက် ဖြစ်သည်။
၄၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ မြန်မာ့အရေးကို မည်ကဲ့သို့ သုံးသပ်ခဲ့ကြသနည်း။ ထိပ်သီးအစည်းအဝေးကြေညာချက်ကို ပြန်လည်သုံးသပ်ခြင်း (Review) နှင့် ဆုံးဖြတ်ချက်ချခြင်း (Decision) ဟူ၍ နှစ်ပိုင်းခွဲထားရာ မည်သည့်အချက်များကို ပြန်လည်သုံးသပ်နိုင်ခဲ့ပြီး၊ မည်သည့်ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း ဆက်စပ်လေ့လာရန် လိုအပ်ပြီး၊ အလေးထားသင့်သော အချက်များကို လေ့လာသုံးသပ် တင်ပြသွားပါမည်။
အလေးထားသင့်သောအချက် (၁)
၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့အရေး ပြန်လည်သုံးသပ်ချက် (၈) ချက်နှင့် ဆုံးဖြတ်ချက် (၁၀) ချက် ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း အာဆီယံခေါင်းဆောင်များ သုံးသပ်ခဲ့ကြပြီး၊ ထိုအကြမ်းဖက်မှုများကြောင့် ပြည်သူများ ကာလရှည်ကြာ ဆင်းရဲဒုက္ခခံစားနေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်စေကာ ပြည်သူပိုင်အဆောက်အအုံများ ပျက်စီး ဆုံးရှုံးလျက်ရှိခြင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ထိုကဲ့သို့ ပြစ်တင်ရှုတ်ချမှုမျိုး ယခင်ထုတ်ပြန်ချက်များတွင်လည်း တွေ့မြင်နိုင်ပါသည်။ သို့သော် ယခုကြေညာချက်တွင် ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြလာသည့် ထူးခြားချက်မှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများကြောင့် “ဒေသတွင်းနှင့် အထူးသဖြင့် နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ရေးကို ဆိုးရွားစွာ သက်ရောက်မှုများ ရှိလာနေပြီ” ဟု ဖော်ပြထားပါသည်။
ထိုအချက်ကို အာဆီယံခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် တိတိကျကျ ရည်ညွန်းပြောဆိုလာခြင်းက တိုးတက်မှုတစ်ခု ဖြစ်သည်။ မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသော အဖွဲ့ဝင် ထိုင်းနိုင်ငံ၏ စိုးရိမ်ချက်အပေါ် အသိအမှတ်ပြု ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။
ထိုင်းနိုင်ငံသည် အာဆီယံဥက္ကဋ္ဌနှင့် ဆွေးနွေးညှိနှိုင်းမှုမပြုဘဲ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကို ဘန်ကောက်မြို့သို့ ဖိတ်ခေါ်ပြီး Track 1.5 ဆွေးနွေးပွဲများ ဦးဆောင်ပြုလုပ်လျက် မြန်မာ့အရေးကို ကိုယ့်နည်းကိုယ်ဟန် ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေးသို့ တတ်ရောက်ခွင့်ရရေး ထိုင်း၏ကြိုးပမ်းမှုများကြောင့် အာဆီယံအဖွဲ့အတွင်း သဘောထားကွဲပြားမှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။
ယခုအခါ ပူပူနွေးနွေး ဝန်ကြီးချုပ်ဟောင်းဖြစ်သွားသော ပရာရွတ်ချန်အိုချာ၏ ထိုင်းအစိုးရက မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသဖြင့် မြန်မာပြည်တွင်းပဋိပက္ခများ၏ ဒဏ်ကို တိုက်ရိုက်ခံစားရခြင်းအပေါ် အကြောင်းပြလျက် စစ်ကောင်စီနှင့် တိုက်ရိုက်ဆက်ဆံရသည်ဟု ခုခံကာကွယ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ထိုင်းနိုင်ငံ၏ ကိုယ့်နည်းကိုယ်ဟန် ကြိုးပမ်းမှုများက အာဆီယံအဖွဲ့တွင်း စည်းလုံးညီညွတ်မှုကို စိန်ခေါ်မှုများရှိလာခဲ့ခြင်းအပေါ် ယခုထိပ်သီးအစည်းအဝေးပွဲ၌ ဆွေးနွေးအဖြေရှာခဲ့ကြရကြောင်း ကြေညာချက်တွင် ရောင်ပြန်ဟပ်နေပါသည်။
အလေးထားသင့်သောအချက် (၂)
အာဆီယံခေါင်းဆောင်များသည် အကြမ်းဖက်မှုများကို လျှော့ချရန်၊ အရပ်သားပြည်သူများနှင့် အိုးအိမ်များ၊ ပြည်သူပိုင်အဆောက်အအုံများဖြစ်သော ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ထူးခြားချက်အနေဖြင့် ယခင်ကြေညာချက်များတွင် အကြမ်းဖက်မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး (All parties) က ရပ်တန့်ရမည်ဟု ယေဘုယျသုံးနှုန်းဖော်ပြခဲ့ရာမှာ ယခုကြေညာချက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များ (Myanmar Armed Forces) ကို အထူးပြုရည်ညွှန်း သုံးနှုန်းဖော်ပြထားသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကသာ အကြမ်းဖက်မှုများကို ကျူးလွန်သယောင် အာဆီယံနိုင်ငံများအကြား ကျယ်ကျယ်ပြန့်ပြန့် လိမ်ညာဝါဒဖြန့်နေသော စစ်ကောင်စီ၏ ကြိုးပမ်းမှုများ လုံးဝ အောင်မြင်ခြင်းမရှိကြောင်း ထင်ရှားစေခဲ့သည်။
သို့သော် ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ကို ထိုမျှ အမည်နာမတပ်၍ ထည့်သွင်းဖော်ပြနိုင်ရေး သဘောတူညီချက်ရရန် အာဆီယံခေါင်းဆောင်များအကြား စွန့်စွန့်စားစား အကြိတ်အနယ် ဆွေးနွေးခဲ့ကြရဟန်တူပါသည်။ အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး ကြားဝင်စွက်ဖက်ခြင်းမပြုရဆိုသော အခြေခံမူကို ဖောက်ဖျက်ရာ ရောက်မရောက် အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှု ဖြစ်ခဲ့ခြင်း ရှိမရှိ မသိရပါ။
လွန်ခဲ့သော ၂ နှစ်ခွဲလုံးလုံး စစ်ကောင်စီတပ်၏ တစ်နေ့မပျက် ရက်စက်စွာ သတ်ဖြတ်နေခြင်းကို ခံနေကြရသော မြန်မာပြည်သူများသည် စစ်တပ်ကို အကြမ်းဖက်မှုများရပ်တန့်ရန် ယခုတစ်ကြိမ်မှ အမည်နာမ ထုတ်ဖော်ပြောဆိုဝံ့သော အာဆီယံခေါင်းဆောင်များ၏ သတ္တိကို မြင်တွေ့ကြရသည်။
အလေးထားသင့်သောအချက် (၃)
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံအဖွဲ့အတွင်း “တစ်သမတ်တည်း ချည်းကပ်မှု” (A sustainable ASEAN approach) ၏ အရေးကြီးမှုကို အာဆီယံခေါင်းဆောင်များအကြား အလေးထား ဆွေးနွေးခဲ့ကြသည်။
မြန်မာ့အရေး ဖြေရှင်းရန် “တူညီဆန္ဒ ၅ရပ်” ချမှတ်ခဲ့စဉ်ကတည်းက အလှည့်ကျဥက္ကဋ္ဌ ပြောင်းလဲတိုင်း ထိုနိုင်ငံ၏ သဘောဆန္ဒအတိုင်း ချည်းကပ်ပုံ ပြောင်းလဲနိုင်သည့်အချက်ကို အာဆီယံခေါင်းဆောင်များ အမြော်အမြင်ရှိရှိ ကြိုတင်စဉ်းစားနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ပြသလျက်ရှိသည်။
ယခုအချိန်ကျမှ အာဆီယံ၏ မြန်မာ့အရေး ကြိုးပမ်းမှုများ တစ်သမတ်တည်းဖြစ်စေရေးအတွက် ယခင်-ယခု-လာမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံအကြား အလွတ်သဘောညှိနှိုင်းရေးယန္တရားတစ်ခု ဖော်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ပြင် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းမှု မှန်သမျှ (ဥပမာ – ထိုင်းနိုင်ငံ၏ လုပ်ရပ်အပေါ် သင်ခန်းစာယူလျက်) အလှည့်ကျဥက္ကဋ္ဌနှင့် ညှိနှိုင်းတိုင်ပင်ရန်၊ တူညီဆန္ဒ ၅ ရပ်နှင့် ကိုက်ညီမှု ရှိစေရမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
အထက်ပါ စည်းကမ်းချက်များ ထပ်တိုးသတ်မှတ် ဆုံးဖြတ်ခဲ့ခြင်းသည် တနှစ်တစ်ကြိမ် ပြောင်းလဲနေသော အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံများ၏ ကိုယ့်သဘောဆန္ဒဖြင့် မြန်မာ့အရေးကို ချဉ်းကပ် ဆောင်ရွက်လာမည့်အရေး ရှောင်ရှားနိုင်ရန်နှင့် မြန်မာစစ်ခေါင်းဆောင်များက ၎င်းတို့ကို လိုလားသော အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ကို ဖဲ့ထုတ်စည်းရုံးခြင်းကြောင့် အာဆီယံအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲမည့်အန္တရာယ်ကို ကာကွယ်ရန် လုပ်ဆောင်ချက်ဖြစ်သည်။
သို့သော် အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံများက အပြည့်အဝ လေးစားလိုက်နာမှု မရှိကြသည့် ဓလေ့စရိုက်ဆိုးက အာဆီယံအဖွဲ့ကြီးတစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် ဒေသတွင်း အရေးပါသော အဖွဲ့ကြီးအဖြစ် ရပ်တည်နိုင်ရေးအတွက် အခက်အခဲဖြစ်နေသည်။
အဖွဲ့ဝင် မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များက အာဆီယံပဋိညာဉ်စာချုပ်ကို အတိအလင်း ချိုးဖောက်ခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ချိုးဖောက်ခဲ့ပါက မည်သို့အရေးယူရမည်ဆိုသည်ကို ပဋိပညာဉ်စာချုပ်တွင် အတိအကျဖော်ပြထားခြင်းမရှိခြင်းက အာဆီယံကို စည်းမျဉ်းအခြေပြုအဖွဲ့အစည်း (Rule-based Organization) တစ်ခုအဖြစ် သတ်မှတ်ရန် ခက်ခဲပါသည်။
အလေးထားသင့်သောအချက် (၄)
မြန်မာပိုင်ဆိုင်သော၊ မြန်မာဦးဆောင်သော အားလုံးအကြုံးဝင်သည့် နိုင်ငံရေးဖြေရှင်းမှုတစ်ခု (A Myanmar-owned, Myanmar-led comprehensive political solution) ရရှိရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ထိတွေ့ညှိနှိုင်းဆောင်ရွက်ထားသော အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ ကြိုးပမ်းမှုများကို ကြေညာချက်တွင် ချီးကျူးထားသည်။
အလားတူ ချီးကျူးမှုမျိုးကို ယခင်နှစ် အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကိုလည်း ပြုလုပ်ခဲ့ဖူးသည်။ သို့သော် လက်တွေ့အရှိတရားမှာ မြန်မာ့ပြဿနာကို ဖြေရှင်းရာတွင် ယနေ့အချိန်ထိ မည်သည့်ရလဒ်မျှ ထွက်ပေါ်မလာသေးခြင်းပင် ဖြစ်သည်။အဆိုပါ အာဆီယံ၏ အားနည်းချက်ကို ပွင့်လင်းစွာ ဝန်ခံရမည့်အစား ခေါင်းဆောင်များအချင်းချင်း အပြန်အလှန်ချီးကျူးမှုများဖြင့် ဖုံးကွယ်နေကြခြင်းက စိတ်ပျက်စရာ ကောင်းလှသည်။
ထို့ပြင် “မြန်မာပိုင်ဆိုင်သော၊ မြန်မာဦးဆောင်သော” ဆိုသည့် အသုံးအနှုန်းက လက်ရှိဖြစ်ပေါ်နေသော မြန်မာ့ပြဿနာကို လှောင်ပြောင်နေဘိသကဲ့သို့ ရှိချေသည်။ စင်စစ် မြန်မာဦးဆောင်သော နိုင်ငံရေးဖြေရှင်းမှု ရရှိနိုင်မှဖြင့် အာဆီယံအဖွဲ့ကြီး၏ ကြားဝင်ဖျန်ဖြေမှု လိုပါဦးမည်လော။
“မြန်မာဦးဆောင်သော” (Myanmar-led) ဟူသော အသုံးအနှုန်း၏ အဓိပ္ပာယ်က အဘယ်နည်း။ စစ်ကောင်စီ ဦးဆောင်သော ဖြေရှင်းနည်းလော၊ သို့တည်းမဟုတ် စစ်ကောင်စီကို လက်မခံသော နိုင်ငံရေးအင်အားစုများ ဦးဆောင်သော ဖြေရှင်းနည်းလော။ ထိုနည်းလမ်း နှစ်မျိုးလုံးထက် စစ်ကောင်စီနှင့် ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်နေသော နွေဦးတော်လှန်ရေး နိုင်ငံရေးအင်အားစုများအကြား ဆွေးနွေး ညှိနှိုင်းဖြေရှင်းသော အခြေအနေကို “မြန်မာဦးဆောင်သော” ဖြေရှင်းမှုအဖြစ် အာဆီယံ ခေါင်းဆောင်များက မြင်တွေ့လိုခြင်း ဖြစ်သည်။
သို့ဆိုလျှင် အာဆီယံခေါင်းဆောင်များ မြင်လိုသော အခြေအနေတစ်ရပ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ရန် လက်ရှိကာလတွင် လုံးဝ အခွင့်အလမ်း ရှိမနေသေးပေ။ အဓိပ္ပာယ်မှာ ကြေညာချက်အစပိုင်းတွင် ဖော်ပြထားသော မြန်မာ့ပြဿနာက ဒေသတွင်းတည်ငြိမ်ရေးကို ဆိုးရွားစွာ သက်ရောက်နေပြီဆိုလျှင် ထိုအခြေအနေသည် ပိုမိုဆိုးရွားလာဖွယ်ရန်သာ ရှိတော့သည်။
ထို့ကြောင့် ထိပ်သီးအစည်းအဝေးကြေညာချက်ကို ခြုံငုံသုံးသပ်ရလျှင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသော “တူညီဆန္ဒ ၅ ရပ်” ကို ဆက်လက်ဆုပ်ကိုင်ထားသော အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေးကို ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေကြံဆနိုင်စွမ်း မရှိတော့ခြင်းကို ဝန်မခံကြပါ။
၎င်းအစား အာဆီယံခေါင်းဆောင်များသည် အဖွဲ့ဝင်မြန်မာနိုင်ငံတွင် “ကြက်နှစ်ကောင်” ခွပ်နေခြင်းကို အချိန်ကြာလာသည်နှင့်အမျှ လက်ပန်းကျလာမှာပဲ ဆိုသည့်တွက်ကိန်းဖြင့် အချိန်ဆွဲနေကြခြင်းသာ ဖြစ်သည်။ နောက်ဆုံး နိုင်အောင်ခွပ်နိုင်သည့် “ကြက်” ကို အာဆီယံက သူတို့ကြက်အဖြစ် အသိအမှတ်ပြုပေလိမ့်မည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)