
၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် လက်ရှိအစိုးရကို ပုတ်ခတ်ကာ ပြင်းပြင်းထန်ထန်ဝေဖန်ထားသည့် စာတစ်စောင်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးမြင့်လှိုင်က နေပြည်တော်ရှိ ၎င်း၏မဲဆန္ဒနယ်ဟောင်းအတွင်းမှ ကျေးရွာတာဝန်ရှိသူများကို ပေးအပ်ခဲ့သည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှစ်ဦး၊ ရပ်မိရပ်ဖတစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို ဇူလိုင် ၁၈ ရက်တွင် ဦးမြင့်လှိုင်က သူ၏နေအိမ်သို့ ခေါ်ယူကာ လက်ရှိအစိုးရကို ပုတ်ခတ်ရေးသားထားသည့် စာမျက်နှာ ၆ မျက်နှာပါ စာတစ်စောင်ပေးအပ်ခဲ့သည်ဟု ထိုတွေ့ဆုံမှုတွင် ပါဝင်ခဲ့သူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ (၈) မြို့နယ်အောင်နိုင်ရေး ဝါရင့်အကြံပေး ပြည်ထောင်စုဝန်ကြီး(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)၊ သရေစည်သူဦးမြင့်လှိုင်ဟု ခေါင်းစီးတပ်ထားသော အဆိုပါစာကိုလည်း Myanmar Now က ရရှိထားသည်။
“လက်ရှိ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရ၏ အရည်အချင်းအားနည်းမှု၊ လွန်ကဲစွာအဂတိလိုက်စား အကျင့်ပျက်မှု၊ တာဝန်ပျက်ကွက်မှုများကြောင့် နိုင်ငံနှင့်တစ်ဝန်း ရင်ဆိုင်ကြုံတွေ့ခံစားနေကြရသည့် ဒုက္ခအမျိုးမျိုး၊ စိုးရိမ်ထိတ်လန့်ကြောက်မက်ဖွယ်အခြေအနေဆိုးများကို အချိန်မီ၊ အချိန်ကိုက် ကာကွယ်တားဆီးကြရန် လိုအပ်နေပါသည်” ဟု အဆိုပါစာတွင် ရေးသားထားသည်။
ထို့အပြင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်ပါက လူထုအင်အားဖြင့် ပြင်းပြင်းထန်ထန်တုံ့ပြန်ရင်ဆိုင်ကြရန် အသင့်ရှိနေကြရပါမည်ဟူသော တိုက်တွန်းချက်ကိုလည်း ယင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။
ဦးမြင့်လှိုင်နှင့် တွေ့ဆုံခဲ့သူတစ်ဦးဖြစ်သည့် ချိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မိုးခိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် “လက်ရှိအစိုးရကို အကြည်ညိုပျက်စေအောင်လို့ ယူဆတယ်၊ ကျွန်တော်ဉာဏ်မီသလောက်လေးပေါ့” ဟု ပြောသည်။

တစ်နာရီခွဲကြာ တွေ့ဆုံမှုအတွင်း “ကျေးရွာထိပ်ပိုင်းခေါင်းဆောင်တွေကို ခေါ်တွေ့ရတာက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်ပေးဖို့နဲ့ သူတို့ပါတီ (ပြည်ခိုင်ဖြိုး) ကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့” ဦးမြင့်လှိုင်က ပြောကြားခဲ့သည်ဟု ဆိုသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဦးမြင့်လှိုင်ကို ဆက်သွယ်မေးမြန်း၍မရသော်လည်း ၎င်း၏ လုပ်ငန်းအချို့ကို စီမံခန့်ခွဲပေးနေသည့် ဦးမျိုးဇော်ဦးကမူ စာဖြန့်ဝေခြင်းမဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီဝင်များကို ဦးမြင့်လှိုင်ပြောကြားသည့် မိန့်ခွန်းစာရွက်သာဖြစ်ကြောင်း ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီရှုံးနိမ့်ရခြင်းမှာ NLD ၏ လိမ်ညာလှည့်စားသည့် မဲဆွယ်ကတိကဝတ်စည်းရုံးမှုများ၊ မဲရုံများအတွင်း ပယ်မဲများ၊ ဧည့်စာရင်းတိုင်သည့် ရွှေ့ပြောင်းမဲပေးမှုများကြောင့်ဖြစ်သည်ဟုလည်း ကျေးရွာထိပ်ပိုင်းခေါင်းဆောင်များကို ပေးအပ်ခဲ့သည့် အဆိုပါစာတွင် ဖော်ပြထားသည်။
“မည်သည့်ကောင်းကျိုးမျှမပြုဘဲ၊ ဆိုးကျိုးအမျိုးမျိုး ဖန်တီးလုပ်ဆောင်နေသော၊ ပြည်သူကို ဒုက္ခပေးနေသည့် အစိုးရပင်ဖြစ်ကြောင်း ထင်ရှားမြင်တွေ့နေရပါသည်။ ပြည်သူ့မျက်နှာကို လုံးဝမကြည့်ဘဲ အာဏာယစ်မူးနေသည့် အစိုးရဖြစ်ပါသည်” ဟူ၍လည်း ရေးသားထားသည်။

ဦးမြင့်လှိုင်သည် ဖေဖော်ဝါရီလ ၈ ရက်ကလည်း ဒက္ခိဏသီရိမြို့နယ်ပါတီရုံး၌ သီရိမင်္ဂလာကျေးရွာ မှ ဒေသခံပြည်သူ ၅၀ ခန့်နှင့် တွေ့ဆုံရာတွင် လက်ရှိအစိုးရသည် ယခင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သည့် မျိုးစောင့်ဥပဒေများကို ဖျက်သိမ်းလိုက်ပြီဟု ပြောဆိုစည်းရုံးခဲ့သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံရဖူးသူဖြစ်သည်။
မမှန်သတင်းဖြန့်ဝေကာ ပြည်သူများအထင်အမြင်လွဲမှားအောင် စည်းရုံးဟောပြောမှုဖြင့် NLD ပါတီမှ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကော်မရှင်က လိုအပ်သလိုဆောင်ရွက်ပေးရန် ပြည်ခိုင်ဖြိုးပါတီထံ မတ်လအတွင်း အကြောင်းကြားစာ ပို့ခဲ့သည်။
အလားတူပင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးအဖြစ် ဦးမြင့်လှိုင်တာဝန်ယူထားစဉ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင်လည်း မလျော်သြဇာသုံးမဲဆွယ်မှု၊ လာဘ်လာဘပေးကာ မဲဆွယ်မှုဖြင့် ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သော်လည်း အရေးယူမှု တစ်စုံတစ်ရာမရှိခဲ့ဟု ဦးသန့်စင်ထွန်းက ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍လည်း သိရှိကြောင်း၊ အခြားကျေးရွာများမှ အုပ်ချုပ်ရေးတာဝန်ရှိသူများကိုလည်း ခေါ်ယူတွေ့ဆုံလေ့ရှိကြောင်း၊ ပါတီစည်းရုံးရေးလုပ်ဆောင်ရာတွင် ကျင့်ဝတ်နှင့်ညီသော ပြောဆိုလုပ်ကိုင်မှုများသာဖြစ်သင့်ကြောင်း ဦးသန့်စင်ထွန်းက ပြောသည်။
“ဒီတစ်ခါတော့ တိုင်ဖို့တောဖို့မရှိပါဘူး။ သူ့ကို တိုင်ရတာလည်း အားတောင်နာလာပြီ”ဟု ဦးသန့်ဇင်ထွန်းက ဆိုသည်။
စစ်အစိုးရခေတ်တွင် အရှေ့မြောက်ပိုင်းတိုင်းမှူးဖြစ်ခဲ့သူ ဦးမြင့်လှိုင်သည် NLD ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်မူ NLD ပါတီမှ ဦးသန့်စင်ထွန်းကို ရှုံးနိမ့်ခဲ့သည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဦးမြင့်လှိုင်ပါဝင်ယှဉ်ပြိုင်ရန် ရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။