သတင်း

စစ်ကောင်စီလက်အောက် တာဝန်ထမ်းနေသူ ကျောင်းဆရာသုံးဦး ဖမ်းဆီးအရေးယူခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာသုံးဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့က ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

ကလေးမြို့နယ်၊ ကျောက္ကာရွာ အလယ်တန်းကျောင်းအုပ် ဦးမောင်မောင်ခင်၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အမှတ် (၉) အထက်တန်းမှ ကျောင်းအုပ် ဦးဆန်းထွန်းမောင်နှင့် လက်ထောက်မူလတန်းပြဆရာ ဦးဝွန်ဆွမ်းခိုင်တို့ကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဩဂုတ်လဆန်းပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် မပါဝင်ဘဲ စစ်ကောင်စီလက်အောက် တာဝန်ထမ်းနေသည့် ထိုကျောင်းဆရာသုံးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကလေးမြို့နယ်ရဲတပ်ဖွဲ့က စီစဉ်နေသည်ဟု သိရသည်။

ထိုကျောင်းဆရာများကို ဖမ်းပြီး နှစ်ပတ်ကျော်အကြာ ဩဂုတ်လကုန်ပိုင်းတွင် ကလေးခရိုင် PDF က မြို့နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးရမိထားသည့် Non CDM ပညာရေးဝန်ထမ်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၂ – ကဖြင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တာဝန်ခံ ရဲမှူးအောင်ကြီးက ပြောသည်။

“အကြမ်းဖက်စစ်ကောင်စီအောက်မှာ အလုပ်လုပ်တဲ့သူ အားလုံးကို ကျွန်တော်တို့က အကြမ်းဖက်အဖွဲ့မှန်းသိလျက်နဲ့ ပူးပေါင်းပါဝင်နေတဲ့သူတွေဆိုပြီးတော့ ဥပဒေအရ ငြိစွန်းလို့ ဖမ်းဆီးပြီးတော့ လွှဲပြောင်းတာကို လက်ခံပြီးတော့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်”။

ကျောင်းဆရာသုံးဦးလုံး ကျန်းမာရေးကောင်းမွန်သည်ဟုလည်း ရဲမှူးက ဆိုသည်။ တရားစီရင်မည့် ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် မသိရပေ။

တော်လှန်ရေးအဖွဲ့က Non CDM ဝန်ထမ်းများကို ဖမ်းဆီးလိုက်သည့်အတွက် အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ကာ လုပ်ငန်းခွင်ကို စွန့်ခွာထားကြသည့် မြို့ပေါ်ရှိ ဝန်ထမ်းဟောင်းများကို စစ်ကောင်စီက ရန်ရှာလာနိုင်သည်ဟု အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်မိုးက မှတ်ချက်ပြုသည်။

“Non CDM ဆရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တဲ့အတွက် စစ်ကောင်စီအနေနဲ့ကတော့ လက်စားချေတဲ့အနေနဲ့ CDM ဆရာ၊ ဆရာမတွေ၊ CDM ကျောင်းသားတွေအပေါ်ကို ပိုမိုပြီး ပစ်မှတ်ထား ဖမ်းဆီးတာမျိုး လုပ်လာနိုင်တယ်လို့တော့ ထင်ပါတယ်။ ပိုပြီး သတိထားရမယ့် အနေအထားလို့ ထင်ပါတယ်”။

စစ်ကောင်စီ လက်အောက် တာဝန်ထမ်းဆောင်နေသည့် အထက်ပါ ပညာရေးဝန်ထမ်း ၃ ဦးအပြင် ခရိုင်အဆင့် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ၁ ဦး၊ အခြားဝန်ထမ်း ၁ ဦး၊ မြန်မာ့အာမခံလုပ်ငန်းမှ မန်နေဂျာ ၁ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ သိရသည်။

ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို အာဏာသိမ်းပြီး လပိုင်းအကြာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလဆန်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးရာဒေသများတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

၂၀၂၁ ခု ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် သိန်းနှင့်ချီသော ပညာရေးဌာနဝန်ထမ်းများ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြပြီး စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြသည်။

အာဏာသိမ်းစစ်တပ်က CDM ပညာရေးဝန်ထမ်းများ၊ NUG ၏ စာသင်ကျောင်းများတွင် စာသင်ပေးနေသူများသာမက ကျောင်းအပ်သည့် မိဘများကိုပါ အငြိုးတကြီး ဖမ်းဆီးထောင်ချလေ့ရှိသည်။ ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာဒေသများ၌ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း လေကြောင်းမှ စတင်တိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းဖြင့် အင်အားသုံး စီးနင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ၁၃ ဦး သေဆုံးခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button