
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီတပ်ကို ယမန်နေ့ (သြဂုတ် ၂၇) တွင် မိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းဘက်မှ ညနေ ၂ နာရီခန့်တွင် အရပ်ဘက်သုံးယာဉ်များဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်တွင် လက်နက်ကိုင်အင်အား ၅၀ ခန့် ပါဝင်ကြောင်း၊ အချက်အချာကျသည့် နမ့်တောင်း-ပန်ကြုံလမ်းမကို ဒုတိယအကြိမ်မြောက် သွားရောက်ဖျက်ဆီးရန် ချီတက်လာကြခြင်း ဖြစ်ကြောင်း TNLA တပ်ဖွဲ့ဝင်များထံမှ သိရသည်။
တပ်မ (၉၉)၊ အမှတ် (၄၂၀) ခြေမြန်တပ်ရင်းတို့မှ စစ်သားများ၊ လုံထန်ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သည့် ထိုစစ်ကြောင်းကို ပေါက်ကွဲအား ပြင်းထန်သည့် မိုင်းများသုံးပြီး စတင်တိုက်ခိုက်ခဲ့သည်၊ တိုက်ပွဲမှာ နာရီဝက်ခန့် ကြာခဲ့သည်ဟု TNLA တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သူတို့ မြေကော်စက်လည်း ပါလာတယ်။ မိုင်းထိတော့ စစ်တပ်ရော၊ ပြည်သူ့စစ်ရော သေသလို ဒဏ်ရာရတာတွေ ရှိတယ်။ မြေကော်ကားတောင် မှောက်လျက်ကျသွားတယ်။ ကျွန်တော်တို့ဘက်က ၁၀ ယောက်လောက်နဲ့ပဲ သွားတိုက်တာ” ဟု ပြောရေးဆိုခွင့်ရသူ မဟုတ်သဖြင့် အမည်မဖော်လိုသော အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။
မိုင်းနှင့် တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့ကြောင်း သူက ဆက်ပြောသည်။
TNLA ၏ Facebook စာမျက်နှာကလည်း ဒဏ်ရာရ စစ်သားနှင့်၊ ပြည်သူ့စစ်တို့ အရေးပေါ်ကုသမှု ခံယူနေပုံ မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
ထိခိုက်ဒဏ်ရာရသူအရေအတွက် အတိအကျကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
မူဆယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲရှိ ယင်းလမ်းပိုင်းသည် တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အဓိကကျသည့် ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ကို ဆက်သွယ်ထားခြင်း ဖြစ်ပြီး ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များလည်း အသုံးပြုနေသည်။
ထိုလမ်းပိုင်းကို TNLA က ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေကြောင်း စစ်ကောင်စီဘက်က ယူဆပြီး ယင်းလမ်းပိုင်းကို ဖျက်ဆီးရန် အကြိမ်ကြိမ်ကြိုးစားနေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့ကို အခြေတည်ပြီး ပေါ်ပေါက်လာသည့် PDF များလည်း ယင်းလမ်းပိုင်းတွင် လှုပ်ရှားနေသည်။
သြဂုတ်လ ၁၅ ရက်နေ့က အဆိုပါလမ်းကို စစ်ကောင်စီနှင့် မြို့မပြည်သူ့စစ်တို့က ဖျက်ဆီးလိုက်ရာ သြဂုတ် ၂၂ တွင် TNLA က ပြန်လည်ပြုပြင်ခဲ့ပြီးဖြစ်သည်။
အာဏာသိမ်းစစ်တပ်နှင့် TNLA တို့၏ တိုက်ပွဲများ ၂၀၂၃ ဇူလိုင်လကုန်ပိုင်းမှ စတင်ခဲ့ပြီး မူဆယ်အပါအဝင် ရှမ်းမြောက်တွင် ပြင်းထန်သည့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
ဩဂုတ်လ ၂၅ ရက်နေ့ကလည်း ၁၆ စီးခန့်ပါသည့် စစ်ကောင်စီယာဉ်တန်း နမ့်ဖက်ကာကျေးရွာမှ ကွတ်ခိုင်မြို့သို့ ဆင်းလာနေချိန် ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အသေအဆုံးရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ ထိုတိုက်ပွဲမျိုးနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိပေ။
ယနေ့နံနက် (သြဂုတ် ၂၈) တွင်လည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု ဆိုင်ခေါင်ရွာအနီး TNLA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်နှင့် နမ့်ခမ်းမြို့မပြည်သူ့စစ် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း မြေပြင်သတင်းများအရ သိရသည်။
စစ်ကောင်စီ၏ ထိုးစစ်များကြောင့် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က Myanmar Now သတင်းဌာနကို သြဂုတ်လဆန်းက ဖြေကြားထားသည်။
TNLA သည် ရှမ်းပြည်နယ်အတွင်း တအောင်း/ပလောင် တိုင်းရင်းသားများ နေထိုင်သည့် မြို့နယ်များတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။
၂၀၂၁ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို စစ်တပ်က ပစ်သတ်ခြင်းကြောင့် စစ်ကောင်စီတပ်ကို နိုင်ငံအနှံ့ ခုခံတော်လှန်မှု ပေါ်ပေါက်လာသည်။ လက်နက်ကိုင်ခုခံလိုသော လူငယ်များကို ကူညီသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် TNLA လည်း ပါဝင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)